DVB Logo
Home
မြန်မာသတင်း
ဝက်လက်၊ မုံရွာ၊ ရေဦး၊ ကလေးနှင့် ဆားလင်းကြီးတို့တွင် တိုက်ပွဲဖြစ်
DVB
·
August 21, 2023
ဝက်လက်၊ မုံရွာ၊ ရေဦး၊ ကလေးနှင့် ဆားလင်းကြီးတို့တွင် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာမှာ အထိုင်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဩဂုတ် ၂၀ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီက သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို ဝက်လက်မြို့နယ် LPDF ဗိုလ်ကျားကြီးအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း-၁၅ နဲ့ မြင်းခြံ လျှပ်စီးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဝက်လက်မြို့နယ် ဗိုလ်ကျားကြီး LPDF အဖွဲ့ ခေါင်းဆောင်က “ပစ်တာက ပထမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ နောက်ပြီး ဒရုန်းနဲ့ပါ ဗုံးသီးချတိုက်တာ။ သူတို့ဘက်က ဒရုန်းကို ဂျမ်ဘာနဲ့ဆွဲချလို့ ဒရုန်းက ရဲစခန်းရှေ့ ပျက်ကျသွားလို့ အဲဒီဒရုန်းပြန်ယူဖို့ ရွာထဲဝင်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ပွဲဖြစ်ကြတယ်။ ဒရုန်းကတော့ ပြန်ယူနိုင်ခဲ့တယ်။ အဲဒီ ရွာတွင်းတိုက်ပွဲကတော့ သူတို့ဘက်က ၂ ကောင် ကျဆုံးအောင် ပစ်ခတ်နိုင်ခဲ့တယ်။ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်တာလည်း အထိအခိုက် အကျအဆုံး ရှိနိုင်တယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ရှိမ်းမကားရွာကို အထိုင်ချကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ သတင်းကို စုံစမ်းနေပြီး ရှိမ်းမကားရွာ အနီးပတ်ဝန်းကျင်က ကျေးရွာတွေဆီကို စစ်ကြောင်းထိုး ရှာဖွေတာ၊ ရွာအတွင်းက ပစ္စည်းတွေကို လုယူတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း ဘိုးဘွားရိပ်သာမြောက်ဘက်၊ ပြည်ထောင်စုလမ်းမကြီးမှာ လုံခြုံရေးယူနေတဲ့ စစ်သား ၅ ဦးကို သြဂုတ် ၁၉ ရက် မနက် ၇ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ၄ ဦး သေဆုံးပြီး သေနတ်တလက် ရယူနိုင်ခဲ့တယ်လို့ Golden Eagle Force-Monywa အဖွဲ့က ပြောပါတယ်။

Golden Eagle Force-Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က “ သြဂုတ် ၁၉ ရက်  မနက် ၇ နာရီလောက်မှာ ပစ်ခတ်ခဲ့တာပါ။ အဲမှာ စစ်သား ၅ ယောက် ရှိပါတယ်ဗျ။ လေးယောက်က နေရာတင် သေဆုံးသွားပါတယ်။ တယောက်က လမ်းရဲ့တဖက်ခြမ်း ရောက်နေတော့ နေရာယူပြီး ပြန်ပစ်လို့ သေနတ်က တလက်ပဲ ကောက်နိုင်ခဲ့တာပါ။ သိမ်းဆည်းရမိတဲ့ သေနတ်က M 11 အမျိုးအစားပါဗျ။ ကျနော်တို့ရဲဘော်တွေ အထိအခိုက် မရှိပါဘူးဗျ။ မြေသယ်တဲ့ ဖောကားကတော့ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာပဲ ထားခဲ့ရတယ်။ မုံရွာမြို့ပေါ်ကို သွားလာရင် ပြည်သူတွေအနေနဲ့ သွားသတိ လာသတိနဲ့ သတိထား သွားလာကြဖို့” လို့ ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးကို Golden Eagle Force - Monywa အဖွဲ့က ဦးဆောင်ခဲ့ပြီး မဟာမိတ် တပ်တွေ ဖြစ်ကြတဲ့ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၂၄ (Monywa Ranger Group Truth Army)၊ ကြယ်နီတပ်ဦး (PLA)၊ Brother Revolution Force - Monywa နဲ့ Ka Naung Min Thar Gyi - Monywa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၂၁ ရက်‌ နေ့ခင်း ၂ နာရီက မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ရေဦးဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆာင်တွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်အတွင်းကနေ ရေဦးမြို့နယ်အတွင်းကို ဖြတ်ပြီး စစ်ကြောင်းထိုးလာတာကို နေရာ ၂ နေရာက စောင့်ကြို မိုင်းဆွဲတိုက်ခိုက်တာလို့ သိရပါတယ်။

ရေဦးပကဖ တာဝန်ရှိသူက “ဒီပဲယင်းဘက်ကနေ ကျနော်တို့ ရေဦးမြို့နယ်၊ ဇီးကုန်းရွာ၊ ပေါက်တောရွာကို ဖြတ်ပြီး စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းကို ဇီးကုန်းအလွန်မှာ မိုင်း ၃ လုံးဆွဲပြီး ပထမအကြိမ် တိုက်ခိုက်ခဲ့တယ်ဗျ။ အဲ့တိုက်ခိုက်တာကို ရွှေဘိုခရိုင်တပ်ရင်း-၁၄ အဖွဲ့က တိုက်ခိုက်ခဲ့တယ်။ အဲဲဲဒါပြီးတော့ သူတို့ ရေဦးမြို့ဘက်ကို စစ်ကြောင်းထပ်ထိုးလာတာကို ငြုတ္တုံရွာအနီးမှာ မိုင်း ၂ လုံးဆွဲ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်။ တိုက်ခိုက်တဲ့အဖွဲ့တွေက ရေဦးပကဖအဖွဲ့ပါ။ မိုင်းဆွဲလို့ စစ်ကောင်စီဘက် အကျအဆုံး ရှိနိုင်တယ်ဗျ။ အတိအကျတော့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းကို ရွှေဘိုခရိုင်တပ်ရင်း-၁၄၊ ရေဦးပကဖအပြင် စစ်ကြောင်းသွားရာ လမ်းတလျှောက်မှာ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားစနစ် အသုံးပြု တိုက်ခိုက်တာတွေလည်း ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော် တဦးတယောက်မှ အထိအခိုက် မရှိခဲ့ဘူးလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေထံကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက သာစည်ရွာတိုက်ပွဲမှာတော့ ဒေသခံ PDF တွေက လက်နက်အင်အား မမျှတတာကြောင့် ကျေးရွာတွင်းကနေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

ဩဂုတ် ၂၀ ရက် ညနေ ၃ နာရီကျော်မှာ ကျေးရွာကနေ‌ နောက်ဆုတ်ပေးခဲ့ရတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ဩဂုတ် ၂၁ ရက် ဒီနေ့မနက်ထိ သာစည်ရွာက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်။

ရှေ့တန်းကနေ နောက်ဆုတ်ခဲ့ရတဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင် ကိုရာဇာထွန်းက “အဓိကကတော့ လက်နက်အင်အား မမျှလို့ပါ။ နောက်ပြီး သူတို့ဘက်က ရွာကို လေးကွက်ကြားပုံစံနဲ့ ဝိုင်းခဲ့တယ်။ မြို့တွင်းကနေ လက်နက်ကြီးပစ်ကူတွေရောဆိုတော့ ကျနော်တို့ နောက်ဆုတ်ပေးခဲ့ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက သာစည်ရွာ ဒေသခံတဦးကို ပစ်သတ်ထားတယ်လို့ဆိုပြီး တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီက သာစည်ရွာကို ဩဂုတ် ၁၅ ရက်က လေကြောင်းပစ်ကူနဲ့ စတင်ဝင်ရောက်ခဲ့ကာ ၁၆ ရက်ကစတင်ပြီး ၆ ရက်ဆက်တိုက် ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။

သာစည်ရွာမှာ အိမ်ခြေ ၁,၀၀၀ ခန့်ရှိပြီး လူဦးရေ ၃,၀၀၀ ဝန်းကျင် နေထိုင်ကာ လက်ရှိမှာ စစ်ကောင်စီက သာစည်ရွာက ဒေသခံနေအိမ် ၁၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ သာစည်ရွာအပါအဝင် ဇင်းကလင်းရွာ၊ ချင်းဆိုင်ရွာနဲ့ ရေလဲဦးရွာက ဒေသခံ ၄,၀၀၀ ကျော်လည်း ကလေးမြို့ပေါ်နဲ့ ဘေးလွတ်ရာ ဒေသတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ စက်မှုသစ်ထဲက စစ်ကောင်စီလက်အောက်ခံ အမှတ် ၆ ချည်မျှင်နဲ့အထည်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး တပ်ဖွဲ့တွေကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီခွဲလောက်မှာ Hero Fighter (Salingyi) နဲ့ ပူးပေါင်းတပ်တွေက ၈၀မမ၊ ၆၀မမ၊ ၄၀မမ စတဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး စက်ရုံတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီ ကျရောက်ခဲ့တာကြောင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ကြီးကျည်တွေက သူတို့ (စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူ) အထိုင်နေရာကို တည့်တည့်ကျတာဖြစ်ပေမဲ့ အထိအခိုက်ကိုတော့ မသိရသေးတဲ့အတွက် အတည်ပြုလို့မရသေးပါဘူး။ ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။”

ဒီတိုက်ခိုက်မှုတွေကိုတော့ Hero Fighter (Salingyi) တိုက်ခိုက်ရေး အထူးတပ်ဖွဲ့နဲ့အတူ ယင်းမာပင်ခရိုင် တပ်ရင်း-၃၅၊ အမှတ်-၃ တပ်ခွဲ (တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့-Salingyi)၊ Chindwin Dynamite (Salingyi) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ ဆားလင်းကြီးအခြေစိုက် Hero Fighter (Salingyi) တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ အပါအဝင် တခြားဒေသ ကာကွယ်ရေးတပ်တွေအနေနဲ့ ကျည်အင်အား အင်မတန်လျော့နည်းလာလို့ ဝိုင်းဝန်းကူညီပေးကြဖို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်-မုံရွာကို စစ်လက်နက်နဲ့ ရိက္ခာပို့ စစ်သင်္ဘော ၁ စီးနဲ့ ဖလက်ခွံ​ရေယာဉ် ၄ စီးကို ဆားလင်းကြီးမြို့၊ ချင်းတွင်းမြစ်ကမ်းတနေရာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013