DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် လမ်းနှင့်မလွတ်သည့်နေအိမ်များ ဖယ်ရှားပေးရန် ထပ်မံသတိပေး
DVB
·
August 21, 2023
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-တပ်တောင်ကားလမ်းဘေးက နေအိမ်တွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လမ်းဦးစီးဌာနကနေ ထပ်မံသတိပေးလာကြောင်း အဆိုပါလမ်းဘေးမှာ နေထိုင်နေသူတွေက ပြောပါတယ်။

လက်ရှိမြေနေရာတွေဟာ ဘိုးဘွားတွေလက်ထက်ကနေ အဆင့်ဆင့် နေထိုင်လာခဲ့တဲ့ နေရာတွေဖြစ်ပြီး ကျူးကျော်အဖြစ်နဲ့ နေအိမ်တွေ အမှန်တကယ် ဖယ်ရှားခံရမှာကို စိုးရိမ်မိနေပြီလို့ အမ်း-တပ်တောင် ကားလမ်းဘေး နေထိုင်သူတဦးက ဆိုပါတယ်။

“ဒီနေရာက ဘိုးဘွားတွေလက်ထက်ကတည်းက ကျနော်တို့ နေလာကြတာဖြစ်တယ်။ ခုလိုတွေ ထပ်ထပ်သတိပေးလာတော့ တကယ်ဖယ်ရှားခံရတော့မလား မသိဘူး။”

အမ်း-တပ်တောင် ကားလမ်းဘေးက နေအိမ်တွေကို ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က မြို့နယ်လမ်းဦးစီးဌာနကနေ ပထမအကြိမ် အကြောင်းကြားခဲ့ပြီး အခုတဖန် သြဂုတ် ဒုတိယသီတင်းပတ်အတွင်းမှာ အနီရောင်ဆိုင်းဘုတ်ထောင်ပြီး သတိပေးလာခဲ့တာ ဖြစ်ပါတယ်။

လမ်းဧရိယာနဲ့ မလွတ်ကင်းပါက သက်ဆိုင်ရာတွေအနေနဲ့ နေအိမ်အဆောက်အဦတွေ မတည်ဆောက်ခင် ကြိုတင်တားမြစ်သင့်ပြီး အခုလို အတည်တကျ နေထိုင်ပြီးနောက်မှ ဖယ်ရှားပေးဖို့ အကြောင်းကြားတာဟာ မဖြစ်သင့်ဘူးလို့လည်း တပ်တောင်ဒေသခံတွေက ပြောပါတယ်။

လက်ရှိ နေအိမ်တွေ ဖယ်ရှားပေးဖို့ သတိပေးခံရတဲ့ နေအိမ်အရေအတွက်ဟာ ၃၀၀ ခန့်ရှိပြီး လမ်းဧရိယာထဲမှာတော့ တပ်တောင်မြို့က နေအိမ်တွေအပြင် စာသင်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ကမ္ဘာ့ရတနာဘဏ်နဲ့ လမ်းတလျှောက် ကျေးရွာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ အမ်းမြို့နယ်အပြင် စစ်တွေမြို့မှာလည်း စစ်တွေဟိုတယ်ကမ်းခြေက စားသောက်ဆိုင် ၁၆ ဆိုင်ကို လမ်းဧရိယာနဲ့ မလွတ်ကင်းလို့ဆိုပြီး မြို့နယ်စည်ပင်ကနေ ဆိုင်ခန်းတွေ ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က ပြောဆိုတာ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013