DVB Logo
Home
မြန်မာသတင်း
မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များ မဖြစ်မနေ ရောင်းရန် စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
August 20, 2023
မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များ မဖြစ်မနေ ရောင်းရန် စစ်ကောင်စီ ခြိမ်းခြောက်
Donate to DVB

စစ်တပ်က ပြည်တွင်းမှာရှိတဲ့ အရက်ဘီယာဆိုင်တွေ အားလုံးနီးပါးကို သူတို့ရဲ့ ထုတ်ကုန်တွေ မဖြစ်မနေ ရောင်းချဖို့၊ မရောင်းချရင် ဆိုင်လိုင်စင် ပိတ်သိမ်းတာ၊ ဖမ်းဆီး ထောင်ချတာတွေ လုပ်မယ်လို့ ခြမ်းခြောက်ထားကြောင်း ပြည်တွင်း အဖျော်ယမကာ လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

တဖက်မှာလည်း စစ်တပ်ထုတ်ကုန် (၈) မျိုးဖြစ်တဲ့ မြန်မာဘီယာ၊ Andaman Gold ၊ ဒဂုံဘီယာ၊ Mandalay Rum, Black Shield Stout, Army Rum, Red Ruby နဲ့ Premium Gold စီးကရက် အဲဒီ ထုတ်ကုန်တွေ အားလုံးကို ပြည်သူတွေ လုံးဝ မသုံးစွဲကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနေပါတယ်။

ရန်ကုန်မြို့မှာ အရက် ဘီယာဆိုင် ဖွင့်လှစ်ထားသူ တယောက်က “ဒါက မြေပြင်က အမှန်ပဲ။ ရောင်းချသူတွေကို အကျပ်ကိုင်ထားတယ်။ ဒါကိုမှ မရောင်းရင် ဖမ်းမယ် ဆီးမယ်ဆိုတဲ့ ပုံစံနဲ့ လုပ်ထားတဲ့အတွက် ရောင်းချသူတွေက မဖြစ်မနေ ရောင်းပေးရတယ်။ ဒါပေမဲ့ ဒါကို စားသုံးသူ မရှိရင် ဘာမှလုပ်လို့ မရဘူး။ ဦးပိုင်နဲ့ ဆက်နွှယ်နေတဲ့ ဆိုင်မျိုးတွေ အကုန် Boycott လုပ်သင့်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာဘီယာ မဖြစ်မနေ ရောင်းပေးရမယ်။ Andaman Gold, Black Shield တို့ မဖြစ်မနေ ရောင်းပေးရမယ်။ မရောင်းရင် ဆိုင်ကို ပိတ်သိမ်းတဲ့အထိ လိုင်စင်ကို အရေးယူမယ်။ လူကို ဖမ်းဆီးမယ် ထောင်ချမယ် စသည်အားဖြင့် ပြောဆို ခြိမ်းခြောက်ပြီး ဆိုင်တိုင်း နီးပါးကို ရောင်းခိုင်းတယ်။ အဖျော်ယမကာ ကဏ္ဍမှာ ဦးပိုင်ဖွင့်ထားတဲ့ဆိုင်တွေ ရှိတယ်။ ဦးပိုင် ရှယ်ယာ ဝင်ထားတဲ့ဆိုင်တွေ ရှိတယ်။ ဒီဆိုင်တွေကို Boycott လုပ်ရင် ပိုပြီး ထိရောက်မယ်”လို့ အဖျော်ယမကာ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

မြန်မာဘီယာ အပါအဝင် စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည်နဲ့ စီးကရက် ထုတ်ကုန်တွေကို မသုံးစွဲဘဲ သပိတ်မှောက်ကြဖို့ တော်လှန်ရေး အင်အားစုတွေက “ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲ” နာမည်နဲ့ လှုပ်ရှားမှု တရပ်ကို သြဂုတ်လကစလို့ ၂ လတာ ကမ်ပိန်း လုပ်ဆောင်နေပါတယ်။

“ပြည်သူတွေ ပါဝင်မှုက သွေးအေး မသွားပါဘူး။ မြို့ပြက ဘားတွေ ကလပ်တွေ သွားနေကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရေအတွက်နဲ့ လုပ်ငန်း လည်ပတ်မှုကို ချိန်ထိုးကြည့်ရင် ဘယ်သူတွေ သွားနေကြလဲ သိမှာပါ။ အထွေထွေ အကျပ်အတည်းနဲ့ ဈေးသက်သာမှုတို့ကြောင့် မဖြစ်မနေ သုံးနေရတာမျိုး ရှိမယ်။ ဥပမာ- အခြေခံ အိမ်သုံးပစ္စည်းတွေ၊ လုပ်ငန်းသုံး ဘိလက်မြေလိုဟာမျိုးပေါ့။”

“ပြည်သူတွေကို အဓိက Boycott လုပ်စေချင်တာက ကိုယ့်အတွက် အကျိုး မရှိ၊ အန္တရာယ်လည်း ဖြစ်စေတဲ့ ဆေးလိပ် အရက် ဘီယာတွေ လောင်းကစားဝိုင်းတွေ မူးယစ်ဆေးတွေ လုံးဝ ရှောင်စေချင်ပါတယ်။ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူတွေ လူတန်းစေ့နေနိုင်ဖို့ အကုန်လုံး ပါဝင်ပေးဖို့ လိုပါတယ်။ ပါဝင်ပေးကြပါ။ Boycott လုပ်တာ အထိရောက်ဆုံး နည်းလမ်းပါ”လို့ မရမ်းကုန်း ဒီမိုကရက်တစ်တပ်ဦး (Mayangone Democratic Front - MDF) အဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ် ထုတ်ကုန်အားလုံးကို သပိတ်မှောက်ဖို့ တော်လှန်ရေး အင်အားစုတွေက သွေးစွန်း ကမ်ပိန်းနဲ့ Boycott လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာပါ။

သြဂုတ်လကနေ နောက်ထပ် ၂ လအတွင်း တပ်ပိုင် ကုန်စည်တွေရဲ့ ရောင်းအား ၇၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းအောင် သပိတ်မှောက်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ကမ်ပိန်း လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်ကလည်း Mayangone Democratic Front (MDF) အဖွဲ့နဲ့ Kyimyindaing Networks (KMD18) တို့ပူးပေါင်းပြီး "ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်" စတဲ့ စာသားနဲ့ ဘန်နာ ချိတ်ဆွဲတာ၊ ပိုစတာတွေ ကပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ရန်ကုန်မြို့ လူစည်ကားတဲ့ နေရာတွေမှာ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013