
စစ်ကောင်စီဟာ သိမ်းပိုက်ခံထားရတဲ့ လက်ခတ်တောင်စခန်းကို ပြန်သိမ်းဖို့ကြိုးစားနေပြီး ဒေသတွင်းဝန်ထမ်းတွေကို စစ်သင်တန်းပေးဖို့ရှိသလို နယ်ခြားစောင့်တပ်တွေကိုလည်း အသုံးပြုနေတယ်လို့ စစ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြဝတီမြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာရုံးအားလုံးက Non CDM ဝန်ထမ်းတွေကို မဲနှိုက်ခိုင်းပြီး ဘားအံတပ်မ ၂၂ ဌာနချုပ်မှာ ၆ ရက်ကြာ စစ်သင်တန်းတက်ရောက်ဖို့ ဆင့်ခေါ်ထားပြီး နယ်ခြားစောင့် BGF တပ်ဖွဲ့မှူး စောချစ်သူက သူ့တပ်ဖွဲ့ဝင်တွေအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေပါ စစ်သင်တန်းပေးဖို့ရှိတယ်လို့ စစ်ကောင်စီအတွင်းသတင်းနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
လက်ခတ်တောင်စခန်းကို အခုရက်အတွင်းသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ အရန်တပ်အင်အားအဖြစ် သုံးဖို့ဖြစ်နိုင်တယ်လို့ သူတို့က သုံးသပ်ပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နီးစပ်သူတွေကတော့ ဒီသတင်းဟာဖြစ်နိုင်ပြီး စစ်ကောင်စီတပ်က မနေ့ကလည်း ဒရုန်းအသေးတွေနဲ့ ဗုံးလာကြဲခဲ့သေးတယ်လို့ ပြောပါတယ်။
"ဖြစ်နိုင်တယ်။ စစ်ကောင်စီတပ်ဘက်က မနေ့ကလည်း ဒရုန်းနဲ့လာကြဲသေးတယ်။ ဒရုန်း သေးသေးလေးတွေပါ” လို့ ပြောပါတယ်။
ရက်သတ္တပတ်ကြာတိုက်ပွဲတွေ ပြင်းထန်သွားခဲ့တဲ့ လက်ခတ်တောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ BGF ဘက်က သေဆုံးဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံနဲ့ KNLA PDF ပူးပေါင်းဘက်က တာဝန်ရှိသူတွေက ပြောပါတယ်
စစ်ကောင်စီဘက်က လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားနေပြီး စစ်အင်အားတွေ ထပ်မံဖြည့်တင်းလာသလို ဒရုန်းလက်နက်နဲ့ လက်နက်ကြီးအပြင် လေကြောင်းပစ်ကူတွေပါ အားဖြည့်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် BGF စောချစ်သူအဖွဲ့က ‘ဝ’ တပ်ဖွဲ့ဆီကနေ ဝယ်ယူထားတဲ့ လက်နက်တွေဟာ အခုရက်အတွင်း ၉၉၉ ဂိတ်ကိုရောက်ရှိမယ်လို့ သတင်းထွက်နေတာကြောင့် မြဝတီဒေသအတွင်းမှာ စစ်ရေးပြင်းထန်လာနိုင်တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။










