DVB Logo
Home
မြန်မာသတင်း
သစ်ခိုးကားများတွင် စစ်ဗိုလ်များ ငွေဖြင့် အငှားလိုက်ပေးနေ
DVB
·
August 20, 2023
သစ်ခိုးကားများတွင် စစ်ဗိုလ်များ ငွေဖြင့် အငှားလိုက်ပေးနေ
Donate to DVB

ရခိုင်ရိုးမပေါ်က ခိုးခုတ်ထားတဲ့သစ်တွေကို တခြားနေရာတွေကို ပို့ဖို့အတွက် သစ်ကားတွေပေါ်မှာ စစ်ဗိုလ်တွေအငှားလိုက်ပေးနေတယ်လို့ ဥသျှစ်ပင်မြို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းဘက်ခြမ်း၊ ဥသျှစ်ပင်မြို့နဲ့ ရိုးမပေါ်ကရွာတွေကနေ သစ်နဲ့ ထင်းတွေ ခိုးခုတ်ပြီး ရန်ကုန်နဲ့ နေပြည်တော် စတဲ့ မြို့တွေကို ပို့ဆောင်ရာမှာ သစ်ကား၊ ထင်းကားပေါ်မှာ စစ်ဗိုလ်တွေက ငွေယူပြီး လိုက်ပေးနေတာ ဖြစ်ပါတယ်။

သစ်ကားမောင်းသူတယောက်က     "ရန်ကုန်ကို တခါသစ်တင်ရင် ဗိုလ်ကြီးတယောက်ဆို ၁၅ သိန်း ပေးရတယ်။ ခေါင်းခန်းမှာ ယူနီဖောင်းဝတ်ပြီး ထိုင်ခိုင်းရတယ်။ လမ်းမှာလည်း စားရိတ်ငြိမ်း ဧည့်ခံရတာပေါ့။ စစ်ဗိုလ်ပါတော့ ဘယ်ဂိတ်ကမှ မစစ်တော့ဘူး။ သူတို့အချင်းချင်း အထာထားကြတယ်။ သူတို့လည်း ရတုန်းလုပ်စား ကိုယ်လည်း ရတုန်းလုပ်စား ဆိုတဲ့သဘောနဲ့ ဂိတ်တွေက ဗိုလ်တွေကလည်း အထာထားတယ်၊ သူတို့စစ်ဗိုလ်အချင်းချင်း။ ဂိတ်တွေမှာကလည်း အရာရှိတောင်မရှိတော့ပါဘူး။ ကိုယ်တွေကားပေါ်မှာ ဗိုလ်ပါတော့ သူတို့က ထွက်ပြီး အလေးတောင် ပြုနေရသေးတာ။ လိုအပ်တာတောင် ကူညီကြသေးတာ” လို့ ပြောပါတယ်။

ဥသျှစ်ပင်ကနေ ရန်ကုန်အထိကို ထင်းကားဆိုရင် ၁၃ သိန်းပေးရတယ်ပြီး လိုင်းကြေးအနေနဲ့လည်း သိန်း ၂၀ ပေးရတယ်လို့ ဆိုပါတယ်။

ရန်ကုန်ကို သစ်သယ်ဖို့အတွက်ကတော့ လိုင်းကြေး၊ ဗိုလ်ငှားခ၊ ကားခ စုစုပေါင်း ကျပ်သိန်း ၆၀ လောက်ကုန်တယ်လို့ သိရပါတယ်။

သစ်ကားမောင်းသူတယောက်က  “ဥသျှစ်ပင်က စစ်ဗိုလ်တွေက တလကို အနည်းဆုံး သိန်း ၂၀ လောက် ဝင်တယ်။ အဲဒါတောင် သူတို့ KTV ရောက်နေလို့ ငွေလာရှင်းပေးပါဦး ဆိုရင်လည်း သွားရှင်းပေးရတယ်။ ဥသျှစ်ပင်က ဘီယာဆိုင်တွေမှာလည်း ဘေ ဖွင့်ပေးထားရသေးတယ်။ သူတို့ပဲ လုပ်စားလို့ကောင်းနေကြတာ" လို့ ပြောပါတယ်။

ဥသျှစ်ပင်ဟာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းဆုံရာမှာ ရှိနေပြီး အရင်က ရဲနဲ့ လဝကဂိတ်ပဲရှိပေမဲ့ အခုတော့ ပတ်ဝန်းကျင်စစ်တပ်တွေကလည်း ဂိတ်တွေမှာ လာထိုင်ကြတယ်လို့ ကပစ တပ်က အငြိမ်းစားယူထားတဲ့ အရာခံဗိုလ် တယောက်က ပြောပါတယ်။

"ဥသျှစ်ပင်က တကယ့် မှောင်ခိုမြို့တော်ပဲ။ ရခိုင်ကိုတက်မဲ့ မူးယစ်ဆေးဝါးကလည်း အဲဒီက ထွက်တာ။ သစ်ကလည်း ရခိုင်ရိုးမတောင်ခြေဆိုတော့ မြို့ထဲက သူဌေးဆိုသူတွေ အများစုက သစ်နဲ့မကင်းကြဘူး။ နောက် စစ်တပ်ကလည်း ၁၃ ခု လောက်တောင်ရှိတာ။ အများစုက လက်ရုံးတပ်တွေဆိုတော့ ဗိုလ်တွေ၊ အရာရှိတွေက ဘာမှမလုပ်ရပဲ သစ်နဲ့တင် သူတို့လည်း အလုပ်ဖြစ်နေကြတာ။ ကပစ ၆၊ ဒုံးတပ်၊ အမြောက်တပ်၊ ကပစ ၉  အဲဒီတပ်တွေက ပိုအလုပ်ဖြစ်ကြတယ်၊ ရခိုင်အတက်ဘက်မှာရှိတော့ သူတို့ နဲ့အဆင်ပြေမှ သစ်က ဒီဘက်ကို ထွက်လို့ရတာ” လို့ သူက ပြောပါတယ်။

ဥသျှစ်ပင်ကနေ ဧရာဝတီတိုင်းဘက်အထွက် ကျီတောဂိတ်မှာ ကပစ ၅ နဲ့ ပြည် ဒကစ အဖွဲ့စုံဂိတ်၊ မကွေးတိုင်းဘက်အထွက် ကျီးပင်မှာ ဒုံးတပ်နဲ့ ကပစ ၆ တို့က အလှည့်ကျထိုင်ပြီး ရခိုင်ဘက်အထွက် ညောင်ဂျိုးဂိတ်မှာ ကပစ ၆၊ ဒုံးတပ်၊ အမြောက်တပ်၊ ကပစ ၉ တပ်တွေထိုင်ပြီး ပြည်ဖက်အထွက် လဲရွာတံတားမှာ ခလရ  ၉၂၊ ခယရ၊ ကပစ၊ အမြှောက်တပ်တို့ အလှည့်ကျ ထိုင်ကြပါတယ်။

ပြည်မြို့မှာရှိတဲ့ ဧရာဝတီမြစ်ကူးတံတားမှာလည်း ပြည် ဒကစနဲ့ ပြည်အထိုင်တပ်တွေက ဂိတ်စောင့်ကြပြီး အဲဒီကနေဖြတ်သွားတဲ့ သစ်၊ ထင်းကားတွေ၊ ရခိုင်ဘက်ကိုဝင်တဲ့ မူးယစ်ဆေးဝါးကားတွေဆီကနေ တရက်ကို ကျပ်သိန်းနဲ့ချီပြီး လိုင်းကြေးရနေတယ် လို့လည်း ပြည်တံတား အထိုင် ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်ဆီက သိရပါတယ်။

NLD အစိုးရလက်ထက်တုန်းက ရခိုင်ရိုးမကိုသစ်ခုတ်ခွင့် ၁ နှစ်၊ ပဲခူးရိုးမကို ၁၀ နှစ် ပိတ်ပင်ထားခဲ့ပြီး၊ အစိုးရအဖွဲ့နဲ့သစ်တောဌာနပေါင်းပြီး ရိုးမပေါ်က သစ်ခိုးသူတွေ အသုံးပြုတဲ့ သစ်ခိုးလမ်းတွေကို ဘူဒိုဇာတွေနဲ့ ဖျက်ခဲ့သလို သစ်ခိုးသတင်းပေးသူတွေကို ဆုပေးတဲ့စနစ်လည်း လုပ်ခဲ့ပါတယ်။

အခုတော့ ရခိုင်ရိုးမတောင်ပေါ်ကနေ ပဲခူးတိုင်းဘက်၊ ပြည်မြို့ဘက်ကနေ ထွက်တဲ့ သစ်ကားကြီး တရက်ကို တစီးကနေ ၃ စီးရှိပြီး ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းဘက်ကို ထွက်တဲ့ကားတွေလည်း ရှိနိုင်တယ်လို့ အငြိမ်းစား သစ်တောဝန်ထမ်းတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013