
ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းခရိုင်မှာ ကော့သောင်းဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအာဏာပိုင်တွေ ကင်းလှည့်နေစဥ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန်ပါတယ်။
သြဂုတ် ၁၈ ရက်နေ့လယ် ၃ နာရီလောက်မှာ စွန်စန်လန်မြို့၊ နာခကျေးရွာဘက်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေရောက်ရှိနေတယ်လို့ ဒေသခံတွေကသတင်းပေးပို့ခဲ့တာကြောင့် ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာမှာ ဖန်ငါခရိုင်ဘက်ကိုဦးတည်တဲ့ ပစ်ကပ်ကားပေါ်ကနေ ထိုင်းလူမျိုးယာဥ်မောင်း တယောက်နဲ့ တရားမဝင်မြန်မာနိုင်ငံသား ၆ ယောက်တို့ကို ဖမ်းဆီးရမိလိုက်တာပါ။
ယာဥ်မောင်းဖြစ်သူကို စစ်ဆေးရာမှာ တရားမဝင် မြန်မာနိုင်ငံသား တယောက်ကို ဘတ်ငွေ ၆ဝဝဝ နဲ့ ဆူရတ်ဌာနီခရိုင်ကို ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ ထွက်ဆိုတဲ့အကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေဟာ ဘယ်ဒေသတွေကနေ လာရောက်သလဲဆိုတာကိုတော့ မသိရသေးဘဲ ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံရဲ့တရားဥပဒေတွေအရ အရေးယူနိုင်ဖို့ စွန်စန်လန်မြို့ရဲစခန်းမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
Source - အမှတ် ၂၅ ခြေမြန်တပ်ရင်း