
မြန်မာ တေးရေးတေးဆို တိုနီကျော်ဒင် (ခ) ဦးသန်းထိုက်ဝင်းဟာ ဩဂုတ် ၁၉ ရက် မွန်းလွဲပိုင်းမှာ ကွယ်လွန်သွားတယ်လို့ မြန်မာဂီတအသိုင်းအဝိုင်းက ပြောပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိနေပြီဖြစ်တဲ့ တေးရေးတိုနီကျော်ဒင်ဟာ မွန်းလွဲ ၃ နာရီလောက်က သူနေထိုင်တဲ့ ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ ဝတ်ကျောင်းလမ်းက အိမ်မှာပဲ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
တိုနီကျော်လွင်ရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာ သမီးဖြစ်သူက “ပါပါး ဦးသန်းထိုက်၀င်း(တေးရေး/တေးဆို-တိုနီကျော်ဒင်)၊ ဒီနေ့လယ် ၂ နာရီ ၅၈ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ၊ ပါပါးအပေါ် ခင်မင်ကြတဲ့မိတ်ဆွေများကို သမီးတို့ စိတ်ညှိုးငယ်စွာနဲ့ အသိပေးအပ်ပါတယ်” လို့ မျှဝေထားပါတယ်။
တေးရေးတေးဆို တိုနီကျော်လွင်ဟာ သူ မသေဆုံးခင် ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့က အသည်းကင်ဆာ နောက်ဆုံး အဆင့်၊ ကုလို့ မရတော့ဘူးဆိုတာ ဘယ်လိုသိတာလဲလို့၊ ကျနော့်အပေါ် သံဃောဇဥ်ရှိကြတဲ့သူတွေက CT scan result အဖြေကို UK Liver specialist နဲ့ ထပ်ပြီးစစ်ဆေးတဲ့အဖြေကို ညီမဖြစ်သူက ကျနော့်ကို viber နဲ့ပို့တာ ပြန် ရှဲလိုက်ပါတယ်လို့ ရေးသားခဲ့တာတွေ့ရပါတယ်။
သူရေးဆိုခဲ့တဲ့ သီချင်းအယ်လ်ဘမ်တွေထဲက “မင်းနှုတ်ခမ်းများအောက်၊ နာရီတွေ ရပ်လို့ပေးပါ၊ စိတ်ကြိုးတွေ လျော့တဲ့ည” စတဲ့ သီချင်းတွေဟာ ပရိသတ်အကြိုက် ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အမျိုးသမီးနဲ့အတူ သမီး ၂ ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပြီး ရုပ်အလောင်းသင်္ဂြိုဟ်မယ့်နေ့ကို ကျန်ရစ်သူမိသားစုက ဆက်လက် အသိပေးသွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ( တိုနီကျော်ဒင် )











