
ပါကစ္စတန်ကုန်သည်တွေဟာ သြဂုတ်လ ၁၈ ရက်က နိုင်ငံရဲ့စီးပွားရေးမြို့တော် ကရာချိမှာ လောင်စာဆီနဲ့ လျှပ်စစ်မီတာခတွေ ဈေးတက်ခြင်းတွေအပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။
ပါကစ္စတန်ဟာ ဓာတ်ဆီနဲ့ ဟိုက်စပိဒ် ဒီဇယ်ဈေးတွေ နောက်ထပ်မြင့်တက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ကြေညာခဲ့ပြီး ၁ လတာအတွင်း ဒုတိယမြောက် ဈေးတက်ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ကရာချိမှာ သောကြာနေ့ဆန္ဒပြပွဲအတွင်း ကုန်သည်တွေဟာ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံ တွေကို ကြွေးကြော်ခဲ့ကြပြီး ဈေးနှုန်းတိုးမြှင့်မှုကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ကြပါတယ်။
“လျှပ်စစ်ဓာတ်အားခတွေက အဆမတန်တက်ပြီး ဓာတ်ဆီဈေးတွေ ရုတ်တရတ် တက်လာတာ ကြောင့် ပြည်သူတွေရဲ့ လုပ်ငန်းတွေကို ပျက်စီးရပြီး သာမာန်လူတွေရဲ့ ဘဝတွေ ပျက်ကြရတဲ့အပြင် နိုင်ငံရဲ့ စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းတွေက လုံးဝကို ထိုးကျသွားရပြီ”လို့ ကရာချိ ကုန်သည်ကြီးများ မဟာမိတ်အသင်း ဥက္ကဋ္ဌ အာတစ်မီယာက ပြောပါတယ်။
တချိန်တည်းမှာပဲ အိမ်စောင့်အစိုးရဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ သဘောတူညီချက်အရ ဈေးနှုန်းတွေကို မလျှော့ချနိုင်ကြောင်း အိမ်စောင့်အစိုးရရဲ့ ပြန်ကြားရေး ဝန်ကြီး မူရ်တာဇာ ဆိုလန်ဂီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ နိုင်ငံခြားအရန်ငွေ အခြေအနေတွေအရ ပါကစ္စတန်နိုင်ငံဟာ ငွေကုန်ကြေးကျ များတဲ့ ရေနံကိုဝယ်ယူပြီး သက်သာတဲ့နှုန်းထားနဲ့ ရောင်းချဖို့ မဖြစ်နိုင်ကြောင်း ဝန်ကြီးက ဆိုပါတယ်။
ဒီလအစောပိုင်းမှာ ပါကစ္စတန်နိုင်ငံဟာ IMF နဲ့ သဘောတူညီချက်အရ ချမှတ်ထားတဲ့ ဘဏ္ဍာရေး ရည်ရွယ်ချက်တွေကို ပြည့်မီအောင် ဓာတ်ဆီနဲ့ ဒီဇယ်ဈေးတွေကို တိုးမြှင့်လိုက်တာကြောင့် မြင့်မား တဲ့ ငွေကြေးဖောင်းပွမှုလည်း ထပ်ပေါင်းသွားတာ ဖြစ်ပါတယ်။
Source-Reuters










