DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ ယတြာချေခရီးစဉ်ကြောင့် ပြည်မြို့၌ လုံခြုံရေး တင်းကျပ်
DVB
·
August 18, 2023
စစ်ခေါင်းဆောင်၏ ယတြာချေခရီးစဉ်ကြောင့် ပြည်မြို့၌ လုံခြုံရေး တင်းကျပ်
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယတြာချေဖို့ ရောက်ရှိနေပြီး လုံခြုံရေးတင်းကျပ်ထားသလို ယာဉ်စစ်ဆေးမှုတွေလည်း မြို့ဝင်မြို့ထွက်နဲ့ ရဲစခန်းရှေ့တွေမှာ ဖမ်းဆီးငွေညှစ် အရေးယူတာတွေ ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၆ ရက်ကစပြီး ပြည်ခရိုင်၊ ပြည်၊ ‌ရွှေတောင်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်မြို့တွေမှာ စစ်ခေါင်းဆောင်မလာခင် ရက်တွေတည်းကစပြီး လုံခြုံရေးတင်းကျပ်ကာ ကားနဲ့ ဆိုင်ကယ် အသုံးပြုသွားလာနေသူတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ပြည်မြို့ခံတဦးက “မနေ့ကမှ ရောက်တာလို့ ကြားတယ်။ မရောက်ခင် တရက်တည်းက ဖမ်းဆီးမှုတွေ လုပ်နေတာ။ အဖမ်းခံရတာနဲ့ တသိန်း အနည်းဆုံးပဲ။ အထောက်အထား မပြည့်စုံရင် ပိုဆိုးတယ်။ ထောင်ပါချတာ။ ကားတွေဆိုရင်လည်း ခါးပတ် မပတ်ရင်ကို ပိုက်ဆံအများကြီး တောင်းနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဩဂုတ် ၁၇ ရက်မှ ရောက်ရှိလာပေမဲ့ အဲ့ဒီရက်မတိုင်ခင်တည်းက ဖမ်းဆီးမှုတွေရှိခဲ့ပြီး ကား ဆိုင်ကယ်တွေနဲ့ သွားလာသူတွေကို အထောက်အထား ပြည့်စုံရင်လည်း ဖုန်းကိုစစ်တာ၊ အကြောင်းရှာပြီး ငွေညှစ်တောင်းခံတာတွေ ရှိတယ်လို့ သိရပါတယ်။

ကားနဲ့ သွားလာနေသူတွေအနေနဲ့ အခက်အခဲများစွာမရှိပေမဲ့ ဆိုင်ကယ်အသုံးပြု သွားလာနေသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓိကထား ငွေညှစ်တောင်းခံတာတွေ ရှိတယ်လို့ သိရပါတယ်။

ပေါက်ခေါင်းမြို့ခံတဦးက “ပြည်ဘက်ကို ဈေးသွားဝယ်တာ။ မြို့အထွက်ထဲက အစစ်အဆေးကြမ်းတယ်။ ပြည်အဝင် အမှတ် ၃ ရဲစခန်းရှေ့မှာလည်း စစ်တယ်။ အထောက်အထားစုံရင် ဖုန်းကိုစစ်တယ်။ အထောက်အထား မပြည့်စုံတာနဲ့ ရဲစခန်းထဲ တန်းထည့်ထားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆိုင်ကယ်နဲ့သွားလာသူတွေကို ဆိုင်ကယ်ဦးထုပ် မဆောင်းတာ၊ ယာဥ်မောင်းလိုင်စင် မရှိတာ၊ ၃ ယောက်စီးတာတွေကို ဒဏ်ကြေး တသိန်းနဲ့အထက် ငွေညှစ်တောင်းခံတာတွေရှိပြီး ဆိုင်ကယ်လိုင်စင် မရှိပါက ဆိုင်ကယ်မောင်းသူကို ထောင်တလချပြီး ဆိုင်ကယ်ကိုလည်း သိမ်းဆည်းနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယတြာချေဖို့အတွက် ပြည်မြို့ ရွှေဆံတော်စေတီတော်ကို လာရောက်ခဲ့တာ ၃ ကြိမ်အထိ ရှိခဲ့ပြီး မြို့ခံလုပ်ငန်းရှင်ကြီးတွေနဲ့လည်း မူယာပင်ရပ်ကွက် မြို့တော်ခန်းမမှာ တွေ့ဆုံ‌ေဆွး‌ေနွးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013