
ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှာ ဖွင့်လှစ်မယ့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းမှာ CDM ပြုလုပ်ခဲ့ဖူးသူတွေကို တက်ရောက်ခွင့်မပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ပညာရေးမှူးရုံးကနေ သိရပါတယ်။
ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဥ် ၂၄ ကို ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှာ ဖွင့်လှစ်မှာဖြစ်ပြီး အဲ့ဒီသင်တန်းကို ပညာရေးဝန်ထမ်း ဆရာ ဆရာမတွေ၊ မူလတန်းကျောင်းအုပ်နဲ့ ရုံးဝန်ထမ်းတွေ လျှောက်ထားခွင့်ပြုထားပါတယ်။
လျှောက်ထားသူတွေဟာ အရင်က အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ထုတ်ပယ်ခြင်းခံခဲ့ရကာ အယူခံဝင်ပြီး ပြန်လည်ခန့်ထားခြင်းခံခဲ့ရတဲ့ ဆရာ၊ ဆရာမတွေကို တက်ရောက်ခွင့်မပြုတဲ့အတွက် လျှောက်ထားလာတဲ့စာရင်းတွေကို သေချာစွာစိစစ်ဖို့အတွက် စစ်ကောင်စီပညာရေးဌာနက ညွှန်ကြားထားပါတယ်။
ရန်ကုန်တိုင်း ပညာရေးမှူးရုံးက အရာရှိတဦးက “Removal အလုပ်ခံဖူးသူဆိုတာ ပြစ်ချက်ရှိပြီဆိုတဲ့ သဘောပဲ။ဒါကြောင့် သူတို့တတွေက ရာထူးတိုးဖို့လည်း ခက်ခဲသွားမှာဖြစ်သလို ဒီလိုသင်တန်းတွေလည်း တက်ခွင့်မပေးတော့တာ” လို့ ပြောပါတယ်။
ဒါ့အပြင် သင်တန်းလျှောက်ထားမယ့်သူတွေဟာ ကတိခံဝန်ချက် ၃ ခုရေးထိုးရမှာဖြစ်ပြီး ဒီအထဲမှာ CDM လှုပ်ရှားမှုတွေ မပြုလုပ်ဖို့၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပါဝင်ဆောင်ရွက်တာတွေ မလုပ်ဖို့ဆိုတဲ့ ခံဝန်ချက်တွေ ပါတယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစ စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ အခြေခံပညာက ဆရာ၊ ဆရာမတွေလည်း ပါဝင်ခဲ့သလို CDM လှုပ်ရှားမှုကိုလည်း ယနေ့အထိ ပါဝင်လှုပ်ရှားသူတွေ ရှိနေတာပါ။
အခြေခံပညာကျောင်းတွေမှာ ဆရာနဲ့ ကျောင်းသား အင်အားမမျှတတာတွေ ဖြစ်ပေါ်နေတဲ့အတွက် စစ်ကောင်စီဟာ ကျောင်းသား ကျောင်းသူတွေထံက ငွေကြေးကောက်ခံပြီး ပြင်ပကဆရာငှားပြီး ဖြေရှင်းနေရပါတယ်။
အာဏာမသိမ်းခင်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာ ဆရာ၊ ဆရာမ အရေအတွက်ဟာ ၄ သောင်းကျော်အထိ ရှိခဲ့ပါတယ်။










