DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့နယ် ဧကနိရွာကို စစ်တပ်က မီးရှို့၊ နေအိမ် ၄၀ ကျော်ပျက်စီး
DVB
·
August 15, 2023
ရေဖြူမြို့နယ် ဧကနိရွာကို စစ်တပ်က မီးရှို့၊ နေအိမ် ၄၀ ကျော်ပျက်စီး
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိရွာကို ဩဂုတ် ၁၄ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ မြေပြင်မှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

“စစ်တပ်စစ်ကြောင်းနဲ့ PDF တွေ ပစ်ခတ်မှုဖြစ်ပြီးတာနဲ့ ရွာကိုဝင်ပြီး မီးစရှို့ခဲ့တာပါ” လို့ စစ်ရှောင်နေရတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ အသက် ၁၇ အရွယ် ဧကနိရွာမှာနေထိုင်သူ ငှက်ဖျားရောဂါ ဖြစ်နေတဲ့ အမျိုးသားတဦး ဆေးကုသခွင့် အလုံလောက်မရရှိဘဲ ဩဂုတ် ၁၄ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဩဂုတ် ၁၄ ရက် ပစ်ခတ်မှုတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးတယ်လို့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ သတင်းဖြန့်နေသလို ​မြေပြင်မှာလည်း တပ်ဖွဲ့ဝင်နှစ်ဦး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အတည်ပြုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ် ၈ ရက်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန် ရဲစခန်းကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး စလုပ်နေတာဖြစ်ပြီး လူသားဒိုင်းအဖြစ် အဖမ်းခံထားရတဲ့ ရွာသားတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဝဇွမ်းတောရွာမှာလည်း နေအိမ် ၄ လုံး မီးရှို့ခံရပြီး နေအိမ်အားလုံးနီးပါး ဖောက်ထွင်းခံရကာ တန်ဖိုးကြီးပစ္စည်းတွေလည်း ခိုးယူခံရတယ်လို့ ဝဇွမ်းတောရွာသားတဦးက ပြောပါတယ်။

“နှစ်ရက်နဲ့နှစ်ည မအိပ်ရ မစားရနဲ့ ပြေးလာရတာ၊ အခုတော့ ရေဖြူရောက်နေပြီ” လို့ ရေဖြူမြို့ပေါ်မှာ စစ်ဘေးလာရှောင်နေတဲ့ ဝဇွမ်းတောဒေသခံတဦးက ထွက်ပြေးလာရတဲ့ အခြေအနေကို ပြောပြပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ် ၁၅ ရက်အထိ နဘုလယ်ဒေသမှာ ဆက်ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းက အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် နဘုလယ်ဒေသနဲ့ ရေဖြူအလယ်ပိုင်းကျေးရွာတွေဖြစ်တဲ့ ရငဲ၊ ဧကနိ၊ ကုန်းသာယာအင်း၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဝဇွမ်းတော စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ရွာသား ၈,၀၀၀ နီးပါး နေရပ်စွန့်ခွာ ဘေးလွတ်ရာကို စစ်ရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေါန တနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဩဂုတ် ၁၅ ရက်မှာ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013