
ဂါဇာကမ်းမြောင်ဒေသက အပျက်အစီးပုံတွေအောက်မှာ အလောင်းအနည်းဆုံး ၈,၀၀၀ ဒါမှမဟုတ် ဒိထက်ပိုတဲ့ ရုပ်အလောင်းတွေ ရှိနေဆဲဖြစ်ပြီး သေဆုံးသူတွေကို ပြန်ရှာဖို့နဲ့ အသက်ရှင် ကျန်ရစ်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ နိုင်ငံတကာအကူအညီတွေကို ဒုက္ခရောက်နေတဲ့ ဒေသခံတွေက တောင်းခံနေကြပါတယ်။
အခုလအတွင်း ဂါဇာမြို့ရဲ့ အပျက်အစီးတွေကြားကနေ ပြန်ရခဲ့တဲ့ ရုပ်ကြွင်းတွေရဲ့ ထက်ဝက်လောက်က အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဖြစ်တယ်လို့ သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းနယ်မြေထဲက ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး အကြီးအကဲ အာဂျစ်ဆန်ဟေးက အင်္ဂါနေ့မှာ ပြောပါတယ်။
လက်ရှိအခြေအနေအတိုင်း ဆက်သွားရင် အပျက်အစီးပုံတွေအောက်မှာမြုပ်ရင်း ကျန်ရစ်နေသူတွေကို ပြန်ရှာဖော်ထုတ်ဖို့ ဆယ်စုနှစ်တခုကျော် ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ ရှာဖွေဖော်ထုတ်ရေးနဲ့ မှုခင်းဆိုင်ရာ စစ်ဆေးလေ့လာရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်အောင်လုပ်နေပြီး ဒီလုပ်ရပ်ကြောင့် သေဆုံးသူတွေရဲ့ အထောက်အထားကို ခွဲခြားသတ်မှတ်ဖို့ ပိုခက်ခဲစေသလို အရေးပါတဲ့ သက်သေအထောက်အထားတွေ ပျောက်ဆုံးသွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ်လို့ ဆန်းဟေးက ပြောပါတယ်။
ဂါဇာက အဆောက်အအုံပေါင်း ၃၀၀ ကျော်ရဲ့ အပျက်အစီးပုံတွေအောက်မှာ ရုပ်အလောင်းပေါင်း ၈,၀၀၀ လောက် နစ်မြုပ်နေပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေဟာ အပျက်အစီးတွေအောက်က သားကောင်တွေကိုရှာဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အစ္စလာမ်ဘာသာဝင်တို့အတွက် ကွယ်လွန်သူကို မြေမြှုပ်သင်္ဂြိုဟ်ခြင်းဆိုတာ ဂုဏ်သိက္ခာရှိရှိနဲ့ ဂရုတစိုက် ဆောင်ရွက်ရမဲ့ မွန်မြတ်တဲ့ လူမှုရေးဆိုင်ရာ ဘာသာရေးတာဝန်တရပ်ပါ။
ဒါကြောင့် ဂါဇာဒေသခံတွေက သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်ရဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
Source: Reuters











