
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တောင်ခင်ရန်းရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၃ ရက် မနက် ၉ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်က တောင်ခင်ရန်းရွာ အရှေ့ပိုင်း အမှတ် ၆ ရပ်ကွက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ တောင်ခင်ရန်းရွာနဲ့ နီးစပ်တဲ့ သာလင်းရွာဒေသခံ ဦးစလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။
“မနက်ပိုင်း ၉ နာရီလောက်ကနေ ၁၂ ကျော်လောက်ထိ မီးရှို့တာ။ ရဲစခန်းနားကအိမ်တွေ ရှို့တာ။ မြင်ရသလောက်ဆို နေအိမ် ၈ လုံးလောက်ရှိပြီ။ တိုက်ပွဲကလည်း တော်တော်ပြင်းထန်ခဲ့တယ်။ တောင်ခင်ရန်းရွာက လူတွေမနေကြတာ ကြာပြီ။ ရွာသူရွာသားတွေက တခြားဆီမှာ တိမ်းရှောင်နေကြတာ။”
စစ်ကောင်စီဘက်ကလည်း တောင်ခင်ရန်းရွာ ရဲစခန်းကနေ လက်နက်ကြီး ပစ်ကူတွေနဲ့ ဆက်တိုက်ပစ်ကူခဲ့သလို ဒေသခံ ကာကွယ်ရေးတပ်တွေဘက်ကလည်း ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“သူတို့ ရွာထဲကနေ ထွက်လာတဲ့အချိန် တိုက်ပွဲစဖြစ်တာဗျ။ တိုက်ပွဲအခြေအနေကတော့ အသေးစိတ် သေချာပြောလို့ မရသေးဘူး။ လက်ရှိတော့ တိုက်ပွဲအေးသွားပြီ။”
အဆိုပါ တောင်ခင်ရန်းရွာမှာ နေအိမ် ၁,၀၀၀ ဝန်းကျင်ရှိပြီး ဒေသခံ ၄,၀၀၀ ခန့် နေထိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဩဂုတ် ၁၁ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြင်သားရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦး လက်နက်ကြီးထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၄ နှစ်အရွယ် ကလေးက ဘယ်ဘက်နား ဖြတ်ခဲ့ရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SYSO-PDF က သိရပါတယ်။
ရေစကြို၊ မြိုင်၊ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက မြိုင်မြို့နယ် သရက်ကွကျေးရွာမှာ သြဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ SYSO-PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။
ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က ဝေဟင်ကနေ ဒရုန်းမျိုးစုံနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ စနိုက်ဘာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီလောက် ကြာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စခန်း ဘန်ကာအကြီးကို မဖြိုနိုင်ခဲ့လို့ စခန်းတော့ မသိမ်းနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
မြိုင်မြို့နယ် သရက်ကွရွာမှာ သြဂုတ် ၁၀ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အညာဒေသ မဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ - ARSC ကနေ သိရပါတယ်။