DVB Logo
Home
မြန်မာသတင်း
အန်စီအေ ပျက်သွားပြီ၊ မြန်မာ့နိုင်ငံရေး၌ လုံးဝပါဝင်ခွင့်မရှိသည့် စစ်တပ်ကို တည်ဆောက်မည်ဟု ကေအန်ယူ ပြော
DVB
·
August 10, 2023
အန်စီအေ ပျက်သွားပြီ၊ မြန်မာ့နိုင်ငံရေး၌ လုံးဝပါဝင်ခွင့်မရှိသည့် စစ်တပ်ကို တည်ဆောက်မည်ဟု ကေအန်ယူ ပြော
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ပျက်ပြယ်သွားပြီဖြစ်တဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံရေးမှာ လုံးဝပါဝင်ခွင့်မရှိတဲ့ စစ်တပ်ကို တည်ဆောက်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က  ဩဂုတ် ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်း ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကနေ  ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေရဲ့ ရက် ၁၀၀ ပြည့် အထိမ်းအမှတ်   “First 100 Days: KNU in New Era” သတင်းစာရှင်းပွဲမှာ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ဒီဗွီဘီရဲ့ မေးမြန်းချက်ကို  ဖြေကြားသွားတာ ဖြစ်ပါတယ်။

“၂၀၀၈ က ပေးတဲ့ ဖယ်ဒရယ်ကတော့ ကျနော်တို့ ကေအန်ယူအပါအဝင် ဗမာပြည်မှာ ရှိတဲ့ ဘယ်သူမှ မလိုလားဘူးဆိုတာ လက်တွေ့ ၂၀၀၈ကို ဖျက်သိမ်းရေးဆိုပြီးတော့ ကျနော်တို့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအသစ်ကို ဖွဲ့စည်းပုံကို ရေးဆွဲကြဖို့ တိုက်ပွဲဝင်တဲ့အတွက်ကြောင့် ၂၀၀၈ နဲ့ ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ ကိစ္စကိုတော့ ကျနော် ဒီလိုပဲ ဖြေကြားလိုပါတယ်။ အန်စီအေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်စီအေရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီအန်စီအေရဲ့ အခန်း ၁ က အန်စီအေ တခုလုံးရဲ့ နှလုံးသား ဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် ဒီအန်စီအေက မရှိတော့ဘူး။ အဲဒီအတွက် အန်စီအေကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်း သော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စတွေကိုတော့ ကျနော်တို့တွေနဲ့ဘာမှ မဆိုင်ဘူးဆိုတာလေးကို ပြောချင်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ  ဖယ်ဒရယ်အခွင့်အရေးတွေ ပေးထားပြီးဖြစ်ကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေအနေနဲ့ အန်စီအေ ပါသဘောတူညီချက်အတိုင်း အလေးထားလိုက်နာကြဖို့  အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်ပိုင်းက အစည်းအဝေးတွေမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကေအန်ယူက တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဒီကနေ့ ပြုလုပ်တဲ့  ကေအန်ယူရဲ့ သတင်းစာရှင်းလင်းပွဲမှာ အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူးက  မြန်မာနိုင်ငံတဝန်း လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အကျပ်အတည်းနဲ့  လက်နက်ကိုင်တော်လှန်မှုတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှသာ ဖြစ်ပေါ်လာတဲ့ ပြဿနာမဟုတ်ဘဲ လွတ်လပ်ရေးရပြီးချိန်ကစပြီး  မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်က ဖြေရှင်းဖို့ တောက်လျှောက်ပျက်ကွက်ခဲ့တဲ့ နိုင်ငံတည်ဆောက်မှု ပြဿနာဖြစ်ပြီး အဓိကအားဖြင့် တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်တောင်းဆိုမှုကို ငြင်းပယ်ကာ အကြမ်းဖက်တုံ့ပြန်မှုက စတင်တာလို့ ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီပျောက်ဆုံးမှုနဲ့ တိုင်းရင်းသားအခွင့်အရေး ပျောက်ဆုံးမှု ၂ ခုကို ကြုံတွေ့နေရတာဖြစ်တယ်။ ဒီနှစ်ခုကို တခုပြီးမှ တခု ဖြေရှင်းလို့မရဘဲ တပြိုင်နက် ဖြေရှင်းရမယ်ဆိုတာ ဒီနေရာမှာ အတိအလင်း ပြောကြားလိုပါတယ်။ အဲဒီအတွက် အတားဆီးကလည်းစစ်တပ်ပဲ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးမှူးဟာ ၁၉၆၂ ကနေ စခဲ့တာဖြစ်ပြီးတော့ military supremacy လို့ခေါ်တဲ့ စစ်အာဏာကြီးစိုးခြင်းအခြေပြု နိုင်ငံတည်ဆောက်ခြင်းကို စစ်တပ်က လူမျိုးရေး၊ ဘာသာရေးတွေကို ခုတုံးလုပ်ပြီးတော့ အတင်းအဓမ္မ သွတ်သွင်းအကောင်ထည်ဖော်ခဲ့တာကြောင့်ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးလှုပ်ရှားမှုတွေ၊ အစိုးရ အဆက်ဆက်ရဲ့ ယန္တရားအောက်မှာ အရောင်ဆိုးခြင်းခံခဲ့ရတာဖြစ်ပါတယ်။  ၂၀၁၂ ကနေပြီးတော့ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အထိ ရရှိခဲ့တဲ့ တပိုင်းတစ ဒီမိုကရေစီအခွင့်အရေးလေးကပဲ ကျနော်တို့ မြန်မာပြည်သူတွေကို မှန်ကန်တဲ့ သမိုင်းအဖြစ်မှန်တွေ ဖော်ထုတ်လာနိုင်ပြီး အခွင့်အရေးတခုအနေနဲ့ ရရှိခဲ့ရာကနေပြီးတော့ နိုင်ငံရေး ရင့်ကျက်မှုတွေကနေစပြီးတော့ ဒီနေ့ ခေတ်ပြောင်း၊ စနစ်ပြောင်းအတွက် တော်လှန်တဲ့ တော်လှန်ရေးအဖြစ် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲလာတာဖြစ်တယ်ဆိုတာကို ကျနော် ပြောကြားလိုပါတယ်။ ဒီဟာကလည်း ကျနော်တို့ ကေအန်ယူ အပါအဝင်တိုင်းရင်းသား ပြည်သူလူထုအားလုံးရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် လူနည်းစု တိုင်းရင်းသားတွေနဲ့အတူ မြို့ပြနဲ့ ကျေးလက်က ပြည်သူလူထုတရပ်လုံးက ပါဝင်လာပြီးတော့ စစ်အာဏာရှင်စနစ်နဲ့ မတရားမဖိနှိပ်ချုပ်ချယ်မှုများကို လက်မခံတော့ဘဲ ခုခံတော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကြာ သက်ဆိုးရှည်လာခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ မဖြေရှင်းခဲ့တဲ့ နိုင်ငံတည်ဆောက်မှုပြဿနာရဲ့ အထွတ်အထိပ်သာလျှင်ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။”

ဒါကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်ကို ထိထိမိမိဖြေရှင်းဖို့က အရေးကြီးဆုံးဖြစ်ပြီး  ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ခြင်းနဲ့ စစ်တပ်က နိုင်ငံရေးကနေ ပါဝင်နေမှုကနေ ထွက်ပေးဖို့ပဲ ဖြစ်တယ်လို့‌ ကေအန်ယူက ပြောပါတယ်။

ကေအန်ယူအနေနဲ့ နိုင်ငံရေး ရည်မှန်းချက် ၄ ရပ်ကို ချမှတ်ထားပြီး အဲဒါတွေကတော့ မြန်မာ့နိုင်ငံရေးမှာ လုံးဝပါဝင်ခွင့်မရှိတော့တဲ့ စစ်တပ်ကို တည်ဆောက်ဖို့၊  ဖယ်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အစစ်တခုကိုရေးဆွဲဖို့၊  အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်တွေကို သဘောတူအကောင်အထည်ဖော်ဖို့နဲ့  နိုင်ငံသစ်ထူထောင်ရေး အဆင့်တိုင်းမှာ နိုင်ငံတကာပါဝင်တဲ့ အခန်းကဏ္ဍကို သဘောတူပါဝင်စေဖို့ဖြစ်ကြောင်း ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ရှင်းလင်းပြောကြားပါတယ်။

အဲဒီအချက်တွေကို လက်ခံတဲ့ စစ်တပ်ထဲက အရာရှိ၊ အရာခံအကြပ်၊ တပ်သားတွေကို professional army ဖြစ်အောင် ပြုပြင်ပြောင်းလဲမှု လုပ်ရမှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ကို နိုင်ငံတကာ စောင့်ကြည့်မှုအောက် ကနေ သွားရမှာဖြစ်ပါတယ်၊ ဒါ့ပြင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့  PDF တပ်ဖွဲ့တွေကိုလည်း လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တခုလုံးရဲ့အောက်မှာ ပြန်လည်စုစည်းပြီး ပေါ်ပေါက်လာတဲ့ ဖယ်ဒရယ်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ  အခြေခံဥပဒေအသစ်နဲ့ အညီ လုံခြုံရေးစနစ်အသစ်ရဲ့ အောက်မှာ ပြန်လည်တည်ဆော်ကကြရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရုံသာမကဘဲ ဖယ်ဒရယ်ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီတဲ့ပိုမိုကောင်းမွန်တဲ့ ဥပဒေတွေ အုပ်ချုပ်ရေးယန္တရားတွေ၊ တရားရေးစနစ်တွေနဲ့ အစားဖိုးဖို့လည်း အရးကြီးပါတယ်။ သန္ဓေမှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ဖြစ်ဖို့ အခုတော်လှန်ရေးကာလ သို့မဟုတ် ကြားကာလကတည်းက စတင်ရမှာဖြစ်ပါတယ်”လို့   ပဒိုစောတာဒိုမူးက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးလည်း ကေအန်ယူရဲ့ နယ်မြေဒေသ  မြောက်ဘက် စစ်တောင်းမြစ်ဝကမ်းကို  KNLA တပ်တွေက  စစ်ဆင်နိုင်သလို တောင်ဘက် ရေး-ထားဝယ် ကားလမ်း၊  တပ်မဟာ ၁ နယ်မြေ သထုံဘီးလင်း ကျိုက်ထို ကားလမ်းမကြီးမှာ စစ်ဆင်ရေး လုပ်နိုင်ပြီး နယ်မြေတွေ ပိုမိုထိန်းချုပ်လာနိုင်တယ်လို့  KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်ကောင်စီဘက်မှာတော့ ပုံမှန်တနှစ်တခါ လုပ်လေ့ရှိတဲ့ တပ်လဲလှယ်တာတွေ မလုပ်နိုင်တာ ၂၀၁၉ ကနေစပြီး ၄ နှစ်လောက်ရှိပြီဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ်ရာမှာလည်း ထုတ်နုတ်အင်အားကိုသာ အသုံးပြုနေရတ၊ တပ်စခန်းတခုနဲ့ တခု လှုပ်ရှားနိုင်မှု စွမ်းအားကျဆင်းနေတာ၊ အဓိက ခြေကုပ်စခန်း တပ်စခန်းတွေကို လေယာဉ်နဲ့ ရိက္ခာသယ်ယူနေရတာနဲ့  တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေသုံးပြီး ကာကွယ်နေတာ  ထိုးစစ်မလုပ်နိုင်တော့ဘဲ ခံစစ်အနေအထားနဲ့သာ လုပ်နိုင်တော့တယ်လို့လည်း ဗိုလ်မှူးချုပ် စောတာမလာသောက  ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဆုံးသတ်ကောင်းဖို့လိုတယ်၊ တော်လှန်ရေးအလွန်ကာလမှာ ပြန့်ကျဲနေတဲ့ လက်နက်တွေကို ထိန်းချုပ်ရလိမ့်မယ်၊ လက်နက်ကိုင်အဖွဲ့တွေ မှိုလိုမပေါက်ဖို့ အကြမ်းဖက်မှုတွေ တကျော့ပြန်မဖြစ်ဖို့က အရေးကြီးတယ်လို့လည်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013