အာဂျင်တီးနားနိုင်ငံ၊ ပတာဂိုနီးယားဒေသရှိ ကူတာကိုမြို့မှာ ကမ္ဘာ့အမြင့်ဆုံး မက်ဆီရုပ်တုကြီးနဲ့ အာဂျင်တီးနား ပရိသတ်တွေ အောင်ပွဲခံခဲ့ပါတယ်။
ခါးသီးပြိုင်ဘက် အင်္ဂလန်နဲ့ အတ္တလန်တာမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရပြီးတဲ့နောက် မက်ဆီရုပ်တုကြီးနဲ့ အောင်ပွဲခံခဲ့ပုံကို ရိုက်တာက ဖော်ပြခဲ့တာပါ။
ကူတာကိုမြို့မှာ အမြင့် ၈၅ ပေရှိတဲ့ မက်ဆီရုပ်တုကြီးကို ၂၀၂၆ ခုနှစ်မှာ အယ်ဒိုဘီရိုဆာ ဆိုသူက ဖန်တီး တည်ဆောက်ပြီးစီးခဲ့တာပါ။
ရုပ်တုကြီး တည်ဆောက်ချိန်မှာ သံတန်ချိန် ၇၀ ကုန်ခဲ့ပြီး ၁၈ လကြာ အချိန်ယူ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဒီရုပ်တုကြီးက ကမ္ဘာ့အကြီးဆုံး မက်ဆီပုံတူရုပ်တုအဖြစ် ထင်ရှားပါတယ်။
ဒီရုပ်တုကြီးဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်တဲ့အချိန် ကမ္ဘာ့ဖလားကို ချကာ ဒူးထောက်ပြီး ရင်ဘတ်က အင်္ကျီကိုဆွဲကာ မိုးပေါ်ကို လက်ညှိုးညွှန်ပြတဲ့ ပုံစံကို နမူနာယူပြီး ဖန်တီးထားတာပါ။
မက်ဆီပုံတူရုပ်တုဟာ အာဂျင်တီးနားမှာရှိတဲ့ ဒုတိယမြောက်ရုပ်တုပဲ ဖြစ်ပါတယ်။
“အီဂျစ်နဲ့ပွဲမှာ come back နိုင်ခဲ့ပြီးတဲ့နောက် ကျနော်တို့ကို ဘယ်အသင်းကမှ ရပ်တန့်လို့ မရတော့ဘူး” လို့ အာဂျင်တီးနားပရိသတ် မာတီနက်ဇ်က ပြောပါတယ်။
အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ ကစားခဲ့တဲ့ပွဲကို မက်ဆီရုပ်တုကြီးနားမှာ ပရိသတ် ၃၀၀ ဝန်းကျင် ကြည့်ရှုခဲ့ကြပါတယ်။
အင်္ဂလန်အသင်းကို အနိုင်ရခဲ့တာကြောင့် အာဂျင်တီးအသင်းဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားမှာ ၂ ကြိမ်ဆက် ဗိုလ်စွဲတဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ အခွင့်အရေး ရှိနေပါတယ်။
Source: Reuters










