မော်လမြိုင်-မုဒုံ ကားလမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ကလေး နှစ်ယောက် အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
ဩဂုတ် ၉ ရက် ညနေ ၄ နာရီကျော်က ခရီးသည်တင်ယာဉ် ဒိုင်နာကားက လမ်းဖြတ်ကထွက်လာတဲ့ သုံးဘီးယာဉ်ကို ရှောင်ရာက ယာဉ်တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “လမ်းကြားကထွက်လာတဲ့ သုံးဘီးကို ရှောင်လိုက်တာလို့ ပြောတယ်။ မိုးကလည်း အဆက်မပြတ်ရွာထားတော့ အခုလို အမှတ်တမဲ့ ဘရိတ်အုပ်လိုက်ရင်း မှောက်တာ။ ကားနောက်ပိုင်းမှာပါလာတဲ့ ခရီးသည်တွေ ဒဏ်ရာတွေရတယ်။ လူကြီး နှစ်ယောက်ကတော့ စိုးရိမ်ရတယ်။ မိုးတွင်းကာလမှာ ယာဉ်မောင်းတွေအနေနဲ့ အထူးဂရုစိုက်ဖို့ အသိပေးချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား နှစ်ယောက်၊ အမျိုးသမီး သုံးယောက်နဲ့ ကလေး နှစ်ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး အဲ့ဒီထဲကမှ လူကြီး နှစ်ယောက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို သစ္စာပန်းခင်း အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo - သစ္စာပန်းခင်းအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့