
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့သွားကြတဲ့ ရိုဟင်ဂျာ စက်လှေတစီးဟာ စစ်တွေမြို့နယ် ဘာဆာကျေးရွာအနီးမှာ နစ်မြုပ်ပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ အသက်ရှင်လျက် တွေ့ရှိထားတဲ့ ၈ ဦးကိုလည်း စစ်ကောင်စီက ထိန်းသိမ်းထားပြီး ၄၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုစက်လှေနစ်မြုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ သြဂုတ် ၆ ရက်က ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာကနေ မလေးရှားနိုင်ငံကို သွားဖို့ စက်လှေနဲ့ ထွက်ခွာလာစဉ် စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီးရှိ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးရွားမှုကြောင့် စက်လှေနစ်မြုပ်ခဲ့တာလို့ သိရပါတယ်။
စက်လှေမှာ ရိုဟင်ဂျာ ၅၅ ဦး စီးနင်းလိုက်ပါလာခဲ့ပြီး စက်လှေနစ်မြုပ်မှုကြောင့် မွတ်စလင် အမျိုးသမီး ၂ ဦး သေဆုံးကာ အမျိုးသား ၈ ဦးကို အသက်ရှင်လျက် တွေ့ရှိထားပြီး ကျန် ၄၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဘာဆာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“စက်လှေမှာပါလာပြီး အသက်ရှင်တဲ့သူတွေ ပြောတာကတော့ စက်လှေမှာ လူ ၅၅ ယောက် ပါတယ်လို့ ပြောတယ်။ သူတို့က မလေးရှားကိုသွားကြတာ။ အဲဒီမှာ ပင်လယ်ထဲမှာ လှိုင်းကြီးပြီးတော့ စက်လှေနစ်မြုပ်သွားတာ။ အမျိုးသမီးအလောင်း ၂ လောင်းနဲ့ အမျိုးသား ၈ ယောက်ကိုပဲ တွေ့သေးတယ်။ ကျန်တဲ့ ၄၅ ယောက်က ပျောက်နေဆဲဖြစ်တယ်။”
စက်လှေနစ်မြုပ်ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရွှေရောင်မေတ္တာဖောင်းဒေးရှင်းက စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကြပါတယ်။ အသက်ရှင်ကျန်ခဲ့သူ အမျိုးသား ၈ ဦးကိုတော့ စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းမှုနဲ့ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံရမှုတို့ကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာမှု မြင့်တက်လာကြပြီး ၂၀၂၃ ခုနှစ်အတွင်း ၁၈၉ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။
ပြည်ပနိုင်ငံကို ထွက်ခွာကြမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု လဝကအက်ဥပဒေပုဒ်မ - ၁၃(၁)၊ ၁၃(၂)၊ ၁၃(၅) တို့နဲ့ အမှုဖွင့် အရေးယူတာတွေ ရှိနေပါတယ်။
ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်းဒေးရှင်း










