Home
မြန်မာသတင်း
မောင်တော-အငူမော်လမ်းပိုင်း၊ ဝေသာလီ-ဥဒေါင်း ၁၃ မိုင်လမ်း ပျက်စီးနေ 
DVB
·
August 8, 2023

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော် ၃ မိုင်ပိုင်း ဖြစ်တဲ့ ဝေသာလီ-ဥဒေါင်း ၁၃ မိုင်လမ်းပျက်စီးနေတာကြောင့် အမြန်ဆုံးပြုပြင်ဖို့ လိုအပ်တယ်လို့  ဒေသခံတွေနဲ့  ခရီးသွားပြည်သူတွေက ပြောပါတယ်။

မောင်တော-စစ်တွေ ကုန်တင်ယာဉ်မောင်းတဦးက  "  ဒီလမ်းက နှစ်စဥ်နှစ်တိုင်းပြုလုပ်နေရတာ ၅ နှစ်လောက်ရှိနေပြီ။ ဒီနေ့အထိမပြီးနိုင်သေးဘူး။ အခုပြုပြင်ထားတာက ကွန်ကရစ်လမ်းက နည်းနည်း ပျက်စီးလို့ သွားမရတဲ့လမ်းက များများဖြစ်နေတာ။ ကုန်ကားတွေ အန္တရယ်များတယ်”လို့ ပြောပါတယ်။

အဆိုပါ ဝေသာလီ - ဥဒေါင်းလမ်း ၁၃ မိုင်လမ်းကို  ၂၀၂၃ ခုနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေကျပ် ၁၅၀ ဒသမ ၁၉၀ သန်းနဲ့ ကွန်ကရစ်လမ်းအဖြစ် ပြန်လည်ပြုပြင်ခဲ့ပေမဲ့ ပြန်ကောင်းမလာဘဲ ဒီနေ့အထိ ကုန်တင်ကားတွေ အန္တရယ်များစွာနဲ့ သွားလာနေကြရတာပါ။

မောင်တော မြို့မိမြို့ဖတစ်ဦးက" ဒီ ဝေသာလီ-ဥဒေါင်း ၁၃ မိုင်လမ်းပိုင်း က ၂၀၁၂ ခုနှစ် က လူမျိုးရေး ၊ဘာသာရေးပြဿနာဖြစ်တဲ့အချိန်က အရေးပေါ်လမ်းအဖြစ် ကျေးရွာချင်းဆက် လမ်းတွေအနေနဲ့ ကျေးလက်ဦးစီးဌာနက ပြုလုပ်ခဲ့တာ။ အဲ့ဒီလမ်းမှာ ကုန်တန်ချိန်မြင့်တဲ့ကုန် တင်ကားတွေ သွားလာတာများတော့ ပျက်စီးသွားတာ"လို့ဆိုပါတယ်။

ဝေသာလီ-ဥဒေါင်းသွား (၁၃/၀)မိုင် ကားလမ်းမှာ  ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာရာမှာ လမ်းအကျယ် ၁၂ ပေသာရှိတဲ့အတွက် တဘက်နဲ့ တဘက် ရှောင်တိမ်းနိုင်ဖို့ မလွယ်ကူလို့ လမ်းပျက်စီးမှု နှစ်တိုင်းလိုလိုဖြစ်နေတာပါ။

ဝေသာလီ-ဥဒေါင်း ၁၃ မိုင်လမ်းမှာ လတ်တလောပြုပြင်ထိန်းသိမ်းနိုင်ဖို့ လမ်းပျက်စီးမှုအပိုင်း ၁၈ နေရာအထိရှိနေတယ်လို့  ကားသမားတွေထံက သိရပါတယ်။

ဝေသာလီ-ဥဒေါင်း ကွန်ကရစ်လမ်းကို ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်က နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေနဲ့ဖောက် လုပ်ခဲ့တာဖြစ်ပြီး ၁၃ မိုင်ရှည်တယ်လို့ လမ်းတံတားဦးစီးဌာန ကနေ သိရပါတယ်။

လက်ရှိ ဥဒေါင်း-အငူမော်ထိလမ်းပိုင်းကို အေရှားဝါးဖောင်ဒေးရှင်းက ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ခဲ့ပြီး ကုန်တင်ကားကြီးတွေ သွားလာနိုင်ဖို့ အဆင်ပြေပေမဲ့ ဥဒါင်း-၃မိုင်ဝေသာလီ ၁၃ မိုင်လမ်းမှာ ပျက်စီးနေတာကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းတွေ အခက်အခဲ ဖြစ်​နေကြောင်း ကုန်ကားမောင်းသမားတွေထံက သိရပါတယ်။

PHOTO- DVB

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024