DVB Logo
Home
မြန်မာသတင်း
ထိုင်းအစိုးရက ကလေး ၁၂၆ ဦးကို နေရပ်ပြန်ပို့မှု ရွှေ့ပြောင်းမြန်မာကျောင်းအချို့ စိုးရိမ်
DVB
·
August 7, 2023
ထိုင်းအစိုးရက ကလေး ၁၂၆ ဦးကို နေရပ်ပြန်ပို့မှု ရွှေ့ပြောင်းမြန်မာကျောင်းအချို့ စိုးရိမ်
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ အန်ထော်ခရိုင်ထဲက Thairath Wittaya အမှတ် ၆ စာသင်ကျောင်းမှာ ပညာသင်ကြားတဲ့ အထောက်အထားမဲ့ ကလေး ၁၂၆ ယောက် နေရပ်ပြန်ပို့ခံရတာနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းကျောင်းတချို့ စိုးရိမ်နေကြတယ်လို့ ပညာရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ပညာရေးပေါ်လစီအရ မည်သူမဆို အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပညာသင်ကြားခွင့်ရှိတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ပြောပါတယ်။

FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “ဘယ်လိုပဲဖြစ်နေဖြစ်နေပေါ့ ကျနော်တို့ ထိုင်းနိုင်ငံထဲမှာ အဲ့လိုမျိုး ရွှေ့ပြောင်းကလေးတွေကို ဖမ်းပြီးတော့ ပြန်ပို့တာဆိုတာ၊ ကျန်တဲ့ ပညာရေးလုပ်ငန်းလုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ကျောင်းတွေလည်း ကျနော်တို့ကိုယ်တိုင် စိုးရိမ်တာရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လိုအပ်တဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေနဲ့ တာဝန်ရှိတဲ့သူတွေကို ဆက်သွယ် အကြောင်းကြားခဲ့တာမျိုးတွေ ရှိတယ်။”

“ဒါက ထိုင်းနိုင်ငံမှာ ပညာရေးသည် အားလုံးအတွက် ဖြစ်ရမယ်ဆိုတဲ့ မူဝါဒ Education for all ပေါ်လစီ ရှိပါတယ်။ အဲဒီ ပေါ်လစီအရဆိုရင် ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ မည်သူမဆို လက်မှတ်အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းအစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့်ရှိတယ်ဆိုတဲ့ မူဝါဒရှိတယ်။ အဲဒါကြောင့် ရွှေ့ပြောင်းကလေးတွေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ ကျနော်တို့ ပညာသင်ခွင့်ရှိရမယ်ဆိုတာကို ကျနော့်အနေနဲ့ ပြောချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစာသင်ကျောင်းမှာ ကလေးငယ်တွေကို ပညာသင်ကြားဖို့ လက်ခံပေးခဲ့တဲ့ ကျောင်းအုပ် အပါအဝင် ဆရာ၊ ဆရာမ ၄ ယောက်နဲ့ ကျေးရွာသူကြီး ၁ ယောက်၊ စုစုပေါင်း ၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ ကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ ထိုင်းကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CRPC အဖွဲ့က ကူညီပေးနေပြီး အဲဒီအဖွဲ့က ထိုင်းအစိုးရကို ပြန်တရားစွဲထားတယ်လို့လည်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ပြောပါတယ်။

“ကလေး ၄ ယောက်ကိုတော့ ထိုင်းကလေးသူငယ်စောင့်ရှောက်ရေး ကော်မတီရဲ့ အစီအစဉ်နဲ့ တစုံတရာ လွတ်လပ်တဲ့ နေရာတခုမှာ ရောက်နေတယ်။ ပညာဆက်လက်သင်ကြားဖို့ ထိုင်း CRPC က အပြင်းအထန် ကြိုးစားနေတယ်။ နောက်တခုက ကလေး ၁၂၆ ယောက်က တရားမဝင်တဲ့ ပညာသင်ကြားတဲ့ကလေးတွေ ဖြစ်တယ်ဆိုပြီး ထိုင်း အန်ထော်ခရိုင်က ကျောင်းအုပ်ဆရာကြီးကို ထိုင်းအစိုးရက တရားစွဲထားတယ်။ ရုံးတင်စစ်ဆေးမယ် သူ့ကို။ အဲ့တော့ ဒီကိစ္စက နိုင်ငံရေးတွေ ပါနေတယ်။ ကလေးကို ကလေးလို မစဉ်းစားဘဲ အကျယ်အပြန့် အကြီးအကျယ် စဉ်းစားနေကြတယ်။ ကလေးကို ကလေးလို စဉ်းစားရင် တရားဝင်တာတွေ မဝင်တာတွေ အကြီးအကျယ် အငြင်းပွားနေစရာ မလိုဘူး။ ဘယ်က ကလေးဖြစ်ဖြစ် ကလေးအခွင့်အရေးအရ ပညာသင်ကြားခွင့်ရှိတယ်” လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

အခုလို ထိုင်းအစိုးရကျောင်းတွေမှာ တက်နေတဲ့ ကလေးငယ်တွေကို ဖမ်းဆီး နေရပ်ပြန်ပို့တဲ့ လုပ်ရပ်က အကျည်းတန်ပြီး နောက်ဆက်တွဲအနေနဲ့ တခြား ရွှေ့ပြောင်းကျောင်းတွေကိုပါ ရိုက်ခတ်လာမှာကို စိုးရိမ်ရတယ်လို့ ထိုင်းမှာ ရွှေ့ပြောင်းကျောင်းဖွင့်လှစ်ထားသူ တယောက်က ပြောပါတယ်။

“ဒါ အများကြီး သက်ရောက်မှု ရှိသွားနိုင်တယ်။ အခု အဲ့လို အနေအထားမျိုးဆိုရင် ဒါ ကျနော်တို့တောင် အထူးသတိထားရမယ့် အနေအထား ရောက်သွားတာပေါ့။ ထိုင်းအစိုးရကျောင်းမှာ စာသင်ကြားနေတဲ့ ကလေးတွေတောင်မှ အထောက်အထားမဲ့တယ်ဆိုပြီး ပြန်ပို့တယ်ဆိုရင် ကျနော်တို့လိုမျိုး ကိုယ်ပိုင်စာသင်ကျောင်းတွေ ဖွင့်တာမျိုးဆို နောက်ဆက်တွဲ ဂယက်တွေ ရိုက်ခတ်လာနိုင်တာမို့ ကျနော်တို့လည်း အများကြီး ပြင်ဆင်မှုတွေ လုပ်လာရမယ်လို့ သုံးသပ်မိပါတယ်။”

လက်ရှိ ထိုင်းအစိုးရ ပညာရေးဝန်ကြီးဌာနက ကျောင်းအုပ် အပါအဝင် ဆရာ၊ ဆရာမ ၅ ယောက်ကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားစွဲခံထားရသူတွေ အမှုရင်ဆိုင်နိုင်ဖို့ ထိုင်းနိုင်ငံလုံးဆိုင်ရာ ရှေ့နေများအသင်းကို အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့ ကလေးတွေဟာ တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်း နယ်စပ်ကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်လာတာဖြစ်ပြီး အများစုက အာခါ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ကလေးတွေထဲက တချို့ကတော့ ချင်းရိုင်းခရိုင် မိဘမဲ့ ကလေးဂေဟာကလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013