Home
မြန်မာသတင်း
ထိုင်းတွင် ၄ နှစ်ပြည့်မြန်မာလုပ်သားများ  မြန်မာသို့ပြန်ခိုင်းရန် စစ်ကောင်စီ ထုတ်ပြန်
DVB
·
August 6, 2023

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ၄ နှစ်ပြည့် MoU လုပ်သားတွေ ထိုင်းမှာ အလုပ်ဆက်လုပ်မယ်ဆိုရင် မြန်မာနိုင်ငံကိုပြန်ဝင်ပြီး U-turn လုပ်ငန်းစဉ် လုပ်ကိုင်ရမယ်လို့ ဘန်ကောက် မြန်မာသံရုံးက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင်ဘဏ်စနစ်နဲ့ မဖြစ်မနေ ပို့ပေးဖို့ကိုလည်း စစ်ကောင်စီက စီစဉ်နေပါတယ်။

အခုလို စီစဉ်တာက လုပ်သားတွေအတွက် ဖိအားနဲ့ အကျပ်အတည်း ပိုဖြစ်စေတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။ 

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက "စစ်အစိုးရတွေရဲ့ ထုံးစံအတိုင်းပဲ၊ လူတွေ အဆင်ပြေဖို့ထက် လူတွေ သူတို့စိတ်ထဲမှာ ကြောက်သွားအောင် ရက်စက်မှုပေါင်းစုံနဲ့ လုပ်တာပဲ။ ရွှေ့ပြောင်းလုပ်သားတွေဆီက ၂၅ ရာခိုင်နှုန်း အခွန်ကောက်ဖို့ ဘဏ်တွေကနေ လွှဲပြောင်းရမယ်ဆိုတာ သူတို့ နိုင်ငံခြားငွေ အရမ်း လိုအပ်နေတာ သိသိသာသာဟန်မဆောင်နိုင်အောင် ဖြစ်နေတယ်။ ဒါကြောင့် ရွှေ့ပြောင်းလုပ်သားတွေဆီက ကျောက်ခဲ ရေညှစ်သလို ဖြစ်သည့်တိုင်အောင် ညှစ်ယူမယ်၊ ထုတ်ယူမယ် အနိုင်ကျင့်ယူမယ်ဆိုတာ သိသာ ထင်ရှားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

လက်ရှိ နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ ပြည်တွင်းပြန်ပြီး MoU စာချုပ်ချုပ်ဆို၊ သက်တမ်းတိုးလုပ်ငန်းတွေ ထပ်မံလုပ်ကိုင်ဖို့ မြန်မာလုပ်သားတွေအတွက် မလွယ်ကူကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

MoU လုပ်သားအချို့က မြန်မာနိုင်ငံကိုမပြန်ဘဲ သက်တမ်းလွန် ဆက်လက် နေထိုင်တာတွေရှိတာကြောင့် ဘန်ကောက်မြန်မာသံရုံးကနေ အဲဒီလုပ်သားတွေ နိုင်ငံကူးလက်မှတ်အသစ် လာရောက်လုပ်မယ်ဆိုရင် ပျောက်ဆုံး၊ ပျက်စီး ဒဏ်ကြေးအနေနဲ့ ဘတ်ငွေ ၃၆၅၀ ပေးသွင်း လုပ်ကိုင်ရမယ်လို့ ကြေညာထားပါတယ်။

အခုလို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်ကြတဲ့ လုပ်သားတွေအပေါ် ဒဏ်ကြေးအမျိုးမျိုး ကောက်ခံတာက အလုပ်သမားတွေအတွက် ဝန်ပိုပိရပြီး ဆိုးရွားတဲ့လက္ခဏာတွေပဲ ကြုံတွေ့ရနိုင်တယ်လို့ Labour Rights Foundation တာဝန်ရှိသူ ဦးအောင်ကျော်က ပြောပါတယ်။

"အလုပ်သမားဆိုတာက တိုင်းတပါးကို စွန့်စွန့်စားစား လာလုပ်ကြတယ်ဆိုကတည်းက သူ့မှာ ပြည်တွင်းမှာ ပုံမှန် လုပ်ကိုင်လို့ရတဲ့ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့၊ သူ့မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် တိုင်းတပါးမှာ အပင်ပန်းခံ ဆင်းရဲခံပြီးမှ ဘာသာမတူ လူမျိုးမတူ ဆက်ဆံပေါင်းသင်း နေထိုင်ပြီး အလုပ်လုပ်ရတာလေ။ အဲဒါကို ကိုယ့်တိုင်းပြည်က တာဝန်ရှိသူတွေက ဟိုလိုမလုပ်ရင် ဒီလို၊ ဒီလို မလုပ်ရင် ဒီလို ဒဏ်ကြေးရိုက်မယ်ဆိုတာ လုပ်သားတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ အများကြီး ဖြစ်စေတာပေါ့" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဇူလိုင် ၃၁ ရက်အထိ ထိုင်းအစိုးရက ဖြေလျှော့ပေးခဲ့တဲ့ သက်တမ်းတိုး ကိစ္စတွေနဲ့ ပန်းရောင် (ဘတ်) အသစ်ရိုက်ဖို့ နာမည်စာရင်း တင်ပေးဖို့ ကြေညာခဲ့ရာမှာ ငွေကြေး အဆင်မပြေလို့၊ အကြောင်းအမျိုးမျိုးနဲ့ အချိန်မီမတင်နိုင်ခဲ့တဲ့ အလုပ်သမား များစွာ ရှိနေပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဗီဇာနဲ့ ပတ်စ်ပို့ သက်တမ်းတိုးကိစ္စတွေက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး သက်တမ်းပြည့် MoU လုပ်သားတွေအတွက်လည်း နေရပ်ပြန်ပြီး စာချုပ်အသစ်ပြန်ချုပ်ဖို့ အနေအထားဟာ စစ်ကောင်စီ လက်ထက်မှာ အခက်အခဲတွေ ရှိနေတာပါ။

လက်ရှိ ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၄ သန်းကျော်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024