DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းကွဲအောင် စစ်ကောင်စီက လုပ်နေသဖြင့် သတိထားရန် CRSH ဥက္ကဋ္ဌပြော 
DVB
·
August 3, 2023
တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းကွဲအောင် စစ်ကောင်စီက လုပ်နေသဖြင့် သတိထားရန် CRSH ဥက္ကဋ္ဌပြော 
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  နာမည်ကို အသုံးပြုပြီး စစ်ခေါင်းဆောင်က  ဆွေးနွေးရေးလမ်းပေါ်တက်ဖို့ကြိုးစားလာတာဟာ တော်လှန်ရေးအင်အားစုတွေ၊ NUG နဲ့ NLD ပါတီတို့ကြားထဲမှာ စိတ်သဘောထားကွဲပြားမှုတွေဖြစ်စေနိုင်တဲ့အတွက် သတိထားဖို့လိုတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRSH ဥက္ကဋ္ဌက သုံးသပ် ပြောပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ်  ချမှတ်ထားတဲ့ ပြစ်ဒဏ်တချို့ကို  လျှော့ပေါ့ပေးကြောင်း စစ်ကောင်စီက ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ အမှု ၁၉ မှု ထဲက အမှု ၅ မှု ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပြီး စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ်ကိုသာ လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်း၊ ပြည်ပမှာ ထွက်ပေါက်ပိတ်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကိုထုတ်သုံးပြီး သူတို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ဆွေးနွေးရေးလမ်းကြောင်းကို ပုံဖော်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRSH ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။

“ကျနော်တို့ မျှော်မှန်းထားတာက အမေစုတို့ သမ္မတတို့ကို အပြီးအပြတ်လွတ်ငြိမ်းချမ်းသာခွင့်တွေ မကြာခင်လာလိမ့်မယ်။ လာရင် ပြဿနာစတက်ဖို့ သူ ကြိုးစားလိမ့်မယ်။ အဲ့ဒါဘာလဲဆိုတော့ ဗဟို CEC ၊ CWC တွေနဲ့ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌတို့ကြားမှာ နားလည်မှုလွဲဖို့အတွက် ခင်းကျင်းမယ်ပေါ့။ ဒါကိုလည်း ကျနော်တို့ရဲ့  CEC ၊ CWC ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌတို့ ပါးပါးနပ်နပ် ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ကျနောာ်တို့ ယုံကြည်ပြီးသားပါ။ သူတို့ သွားတဲ့လမ်းကြောင်းအတိုင်း ကျနော်တို့ သွားမလား၊ ဒါမှမဟုတ် ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ် သွားမလားဆိုတာကတော့ စင်ပေါ်မှာ ဆက်ကြည့်ရမှာပေါ့နော်။”

စစ်အာဏာရှင်ဦးသန်းရွှေလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ရွေးကောက်ပွဲနည်းလမ်းနဲ့ နိုင်ငံရေးအပြောင်းအလဲလုပ်ချင်တဲ့အခါ NLD ပါတီထဲက စိတ်သဘောထားမတိုက်ဆိုင်သူတွေကို အကျိုးစီးပွားမက်လုံးပေးခွဲထုတ်ပြီး  ပါတီသစ်ခွဲထောင်စေကာ အင်အားချည့်နဲ့အောင် ပြုလုပ်ခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေက ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တချို့သောပါတီဝင်တွေက NLD ကနေ ခွဲထွက်ပြီး ပါတီသစ်ထူထောင်ကာ ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ ဒီခွဲထုတ်ခံရမှုကြောင့် ပါတီတွင်း မညီညွတ်မှုတွေ၊ စိတ်သဘောထားကွဲမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRSH ဥက္ကဋ္ဌ ဦးမြင့်ထွေးက "ရေမှုတ်တဖက် မီးစတဖက်ကစားတာကတော့ စစ်ရေးကစားတိုင်း ဗျူဟာအတိုင်း ကစားကြတဲ့သဘောပေါ့။ တဖက်မှာ စစ်တိုက်တော့ သူနှိမ်နင်းမှု မနိုင်တဲ့အခါကျတော့ PDF တပ်ရဲ့ အထွတ်အထိပ် အကြီးအကဲအဖြစ် သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေကို ထုတ်ပြီးတော့ ကစားတာပေါ့။ တလျှောက်လုံး ကစားလာခဲ့တာ၊ ဟိုးအရင်တုန်းကလည်း ဒီလိုအခြေအနေ ကစားခဲ့ပြီးပြီလေ။ ၂၀၁၂ မတိုင်ခင် ၂၀၁၀ တုန်းကလည်း ကျနော်တို့ NLD ပါတီကနေ NDF တို့ ခွဲထွက်သွားတာမျိုးပေါ့။ ဒါ အယူဝါဒတွေ ရှိနေတာကိုး။ ကျနော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေ အရမ်းစကားပြောပါတယ်။ ဆင်ခြင်တုံတရားတွေ သိပ်လိုအပ်ပါတယ်။ ပန်းတိုင်ကို ကျနော်တို့မြင်နေရပြီ။ ဖက်ဒရယ်ကို သွားမှာ။ ဒါပေမဲ့ သွားပုံသွားနည်းတွေ အများကြီးလိုတာပေါ့။ နွေဦးတော်လှန်ရေးမှာ ပါဝင်ပတ်သက်သူအကုန်လုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ကနေ မလွဲမချော်သွားနိုင်ဖို့ လိုသလို အပေးအယူ မျှမျှတတသွားဖို့ လိုပါလိမ့်မယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ပစ်မှတ်ထားတိုက်ခိုက်တာကို အဆိုးဆုံးခံထားရတဲ့ စစ်ကိုင်းဒေသတွင်း PDF ခေါင်းဆောင်တွေကတော့ နိုင်ငံခေါင်းဆောင်တွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာ ဖြစ်ဖြစ်၊ ပြန်လွှတ်ပေးတာဖြစ်ဖြစ် ဆက်လက်တိုက်ပွဲဝင်သွားမှာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ကိုဥက္ကာက “သူတို့အတွက် ထွက်ပေါက်ပိတ်တိုင်း နိုင်ငံရေးကစားကွက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို Main Player အနေနဲ့ ထုတ်သုံးနေမှာပဲ။ ပြည်သူတရပ်လုံး မကောင်းတဲ့စနစ်ကနေ ကောင်းမွန်တဲ့စနစ်တခုကို သွားနိုင်ဖို့အတွက် အသက်ပေးပြီး တိုက်ပွဲဝင်ကြတာ ဖြစ်တယ်။ အဲဒီအတွက် သူ့ကို ပြစ်ဒဏ်လျှော့ခြင်း မလျှော့ခြင်းက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲဖော်ဆောင်မှု လျော့ခြင်း မလျော့ခြင်းနဲ့ ဘာမှမဆိုင်ဘူး။ ပြည်သူ့လွတ်မြောက်ရေး မရမချင်း ဆက်ပြီးတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ ဒါ ကျနော်တို့ရဲ့ သဘောထားပဲ။ သူတို့အမြင်မှာတော့ နိုင်ငံရေးအကျပ်အတည်းဖြစ်တိုင်း နိုင်ငံတကာအကျပ်အတည်းဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ Main Player ဖြစ်တဲ့အတွက် ဒီလို လျှော့ပေါ့ပေးတာတွေ ကစားကွက်တခုအနေနဲ့ လုပ်မှာပဲ။ သတ္တိရှိလို့ရှိရင် လုံးဝ ကွင်းကျွတ်လွှတ်ပေးလိုက်”လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလို့ လွတ်မြောက်လာခဲ့ရင်တောင် NUG အနေနဲ့ မပြောင်းလဲဘဲ မူလလမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့  ဇူလိုင် ၃၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အထူးအစည်းအဝေးမှာ ပြောဆိုထားပါတယ်။  

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013