
ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) နဲ့ တရားရင်ဆိုင်နေရသူ ၆၁ ဦးကို စစ်ကောင်စီက သြဂုတ် ၂ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
လွှတ်ပေးလိုက်တဲ့အထဲမှာ စစ်တွေအကျဉ်းထောင်က လွှတ်ပေးလိုက်တဲ့ ၁၂ ဦးအနက်က ၁၀ ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန် ၂ ဦးမှာ ဖောက်ခွဲမှုနဲ့ တရားရင်ဆိုင်ရမယ်ဆိုပြီး ဖမ်းဆီးထားခဲ့ပါတယ်။
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ အမှုရင်ဆိုင်နေရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ကိုကျော်ဟိန်းရဲ့ ဇနီးဖြစ်သူ မအေးသန်းက “ယောကျ်ားလွတ်မြောက်လာလို့ တော်တော်လေးကို ဝမ်းသာမိပါတယ်။ ပြန်လွှတ်ပေးလို့လည်း ကျေးဇူးတင်တယ်” လို့ ပြောပါတယ်။
အခုလွတ်မြောက်လာတဲ့အထဲမှာ သံတွဲမြို့က တေးရေးဆရာ ကိုစန်းကိုတို့လို နာမည်ကြီးသူတချို့လည်း ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီက မတရားအသင်းနဲ့ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ လူတချို့ကို လွှတ်ပေးခဲ့ပေမဲ့လည်း တချို့သူတွေဟာ လွတ်မြောက်ခြင်းမရှိသေးဘဲ ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
“အခု ၁၇(၁) နဲ့ တရားရင်ဆိုင်နေရသူတွေကို လွှတ်ပေးတာတွေရှိတယ်။ တချို့သော ၁၇(၁) နဲ့ တရားရင်ဆိုင်နေရသူတွေ ရှိနေသေးတော့ သိပ်သဘာဝမကျဘူး။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို ရှေးရှုသော်လည်းကောင်း၊ ‘မာရဝိဇယ’ ဘုရားအနေကဇာတင်ပွဲ ဝမ်းသာအားမြောက်သော် လည်းကောင်း ကျန်ခဲ့တဲ့ မိသားစုတိုင်း ပျော်ရွှင်ခွင့်ရအောင်လို့ လွှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
ဖခင်ဖြစ်သူ လွတ်မယ်လို့ သတင်းကြားပြီး မလွတ်လာတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ လွှတ်ပေးစေချင်တယ်လို့ ၁၇(၁) နဲ့ အမှုရင်ဆိုင်နေရတဲ့ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ကိုမောင်ကျော်ဝင်းက ပြောပါတယ်။
“အဖေလွတ်မယ်ဆိုလို့ မိသားစုတွေ အကုန်လုံး ထောင်ရှေ့မှာ စောင့်နေကြတာ။ လွတ်တဲ့အခါ ပါမလာဘူး။ ဘာကြောင့်လဲမေးတော့ စာရင်းမှာ မပါဘူးဆိုပြီး ပြောကြတယ်။ မလွတ်လာတော့ မိသားစုအနေနဲ့ စိတ်မကောင်းဘူး။ လွှတ်ပေးစေချင်တယ်။”
စစ်ကောင်စီက အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ၁၇(၁)(၂) နဲ့ ရင်ဆိုင်နေရသူ ၆၁ ဦးလောက်ကို ပြန်လွှတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်ရှိမှာ အရေအတွက် ဘယ်လောက် လွတ်မြောက်လာတယ်ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဝါဆိုလပြည့်နေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၇,၇၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးနဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်သူ ၇၂ ဦးကိုလည်း လွှတ်ပေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့ အကျဉ်းသားထဲမှာ ရခိုင်ပြည်နယ်က ၂၅၆ ဦး ပါဝင်တယ်လို့ အကျဉ်းထောင်အသိုက်အဝန်းက သိရပါတယ်။
ဓာတ်ပုံ - စစ်တွေအကျဉ်းထောင်က လွတ်မြောက်လာသူများ










