DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့် ပခုက္ကူတို့တွင် စစ်တပ်နှင့် ရဲကင်းစခန်း တိုက်ခိုက်ခံရ
DVB
·
August 2, 2023
ရေစကြိုနှင့် ပခုက္ကူတို့တွင် စစ်တပ်နှင့် ရဲကင်းစခန်း တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မောင်းသူမဲ့လေယာဥ်ငယ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင်က ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲနေထိုင်တဲ့ ဇီးတောကျေးရွာကို သြဂုတ် ၁ ရက် ညနေ ၅ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဥ်ငယ်နဲ့ ၃ ကီလိုဂရမ် အလေးချိန်ရှိတဲ့ အီနာဂါဗုံးသီး အကြီး ၄ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ သူတို့နေတဲ့ ကျောင်းထဲကို တည့်တည့်ကျပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အဝေးထိန်းလေယာဥ်ငယ်တွေဖြစ်ပြီး ကင်မရာမပါလို့ အတိအကျ မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖနဲ့အတူ SSTF (Shar Htoo Waw) နည်းပညာတပ်ဖွဲ့ Team 3၊ Team 4၊ PDAF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီရွာမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၂၈ ယောက်လောက် အထိုင်ချ တပ်စွဲထားကာ သူတို့ဘက်ကလည်း ရမ်းကားပစ်ခတ်ခဲ့ပေမဲ့ ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက ကျပ်ပြစ်ရဲကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ၈ ယောက် သေဆုံးခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ CGF ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ကျပ်ထိုးအုပ်စု ကျပ်ပြစ်ရဲကင်းစခန်းကို သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ကြတာလို့ CGF တာဝန်ခံ ဗိုလ်ဘကွန်းက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ အချိန် ၃ နာရီလောက်ကြာအောင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကူတွေရောက်လာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို CGF၊ ချောက်ပကဖ၊ God of Myaing၊ ဗိုလ်စကား ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၇၊ King Fighter၊ ပေါက်ပကဖ တပ်ရင်း-၄၊ ပခုက္ကူခရိုင် တပ်ရင်း-၁၈၊ M-7 ပုလဲ၊ ကမ္မ-PDF၊ ပခုက္ကူခရိုင် တပ်ရင်း-၁၃) တို့ အပါအဝင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013