
ချီလီနိုင်ငံ၊ ဗာပါရိုက်ဆို ဆိပ်ကမ်းမြို့မှာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါးတွေကို အိမ်သုံးလျှပ်စစ်ကုန်ပစ္စည်းတွေထဲမှာ ထည့်ဝှက်ထားတာကို ချီလီရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ချီလီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အိမ်သုံးလျှပ်စစ် စက်ပစ္စည်း ၇ ခုထဲမှာ ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၁၈၄ ကီလို (၄၀၅ ပေါင်) ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
ဒီတရားမဝင်မူးယစ်ဆေးဝါးတွေဟာ ဟော်လန်ကနေ လာတယ်လို့ သိရပြီး ဒီပစ္စည်းတွေရဲ့ ပြင်ပပေါက်ဈေးဟာ ခန့်မှန်းတန်ဖိုး ပီဆို ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁ သန်းလောက်) ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
ပြည်ထဲရေး လက်ထောက်အတွင်းဝန် မန်နျူရယ် မွန်ဆာဗေးက “ဒါဟာ ဓာတုဆေးဝါးတွေ အထူးသဖြင့် စိတ်ကြွဆေးပြားတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိမှုဟာ တောင်အမေရိကမှာ အကြီးဆုံးဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
စိတ်ကြွဆေးပြား ၁၈၄ ကီလို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ဆေးပြားပေါင်း ၅၂၁,၀၀၀ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီဖမ်းဆီးရမိမှုဟာ ၂ လကြာ မူးယစ်ဆေးဝါး စစ်ဆင်ရေးရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ ဒီဆေးပြားတွေဟာ နယ်သာလန်ကနေ ထွက်ခွာလာပြီး ဘယ်လ်ဂျီယံ အန့်တွာ့ပ်မှာ ဆက်လုပ်ဆောင်ပြီးတော့ ချီလီမှာ လာအဆုံးသတ်တဲ့ ဥရောပကလာတဲ့ ဓာတုဆေးဝါး စစ်ဆင်ရေး ဖြစ်တယ်လို့ မွန်ဆာဗေးက ပြောပါတယ်။ ဒီစစ်ဆင်ရေးထဲမှာ နေအိမ် ၈ လုံးကို ဝင်ရောက်စီးနင်း ဖြိုခွင်းခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံသား ၅ ဦးအပြင် တခြားမူးယစ်ဆေးဝါးတွေ၊ သေနတ်တလက်နဲ့ မော်တော်ယာဉ်တွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
Source - Reuters