
စစ်ကောင်စီရဲ့ အောင်ဘာလေသိန်းဆုဌာနဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ထီအက္ခရာ ၁၂ လုံးထိ ထုတ်ရောင်းချခဲ့ပေမဲ့ ကျပ်သန်း ၅,၃၀၀ ကျော်ဖိုးခန့်သာ ရောင်းချနိုင်ခဲ့တယ်လို့ အဲဒီဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ သြဂုတ် ၁ ရက်မှာ ဖွင့်လှစ်မယ့် အောင်ဘာလေ အွန်လိုင်းနဲ့ ပုံနှိပ်ထီ ဖွင့်ပွဲအတွက် “က” အက္ခရာကနေ “စ” အက္ခရာအထိ အစဉ်လိုက် အက္ခရာ ၆ လုံး၊ အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်ကို “ဆ” အက္ခရာကနေ အစဉ်လိုက် “ဌ” အက္ခရာအထိကို ၆ လုံး စုစုပေါင်း အက္ခရာ ၁၂လုံး ထုတ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီထုတ်ပြန်တဲ့ ထီလက်မှတ်ရောင်းချရငွေ ပမာဏဟာ ထီအက္ခရာ ၁၂ လုံးရဲ့ ထီလက်မှတ်အားလုံးရောင်းရငွေ ပမာဏရဲ့ တဝက်လောက်သာရှိလို့ ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့တဲ့ ထီလက်မှတ်တွေ အများအပြားရှိခဲ့တယ်ဆိုတာကို ဖော်ပြနေတယ်လို့ ထီလုပ်ငန်းအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဇူလိုင်လအတွင်း အွန်လိုင်းထီနဲ့ ပုံနှိပ်ထီတို့ကနေ ထီစာအုပ်နဲ့ ထီလက်မှတ် ဘယ်လောက်ရောင်းရတယ်ဆိုတာ အတိအကျ မထုတ်ပြန်ခဲ့ဘဲ ထီလက်မှတ် ရောင်းချနိုင်ခဲ့တဲ့ ငွေပမာဏကိုပဲ အသိပေး ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လူစိတ်မဝင်စားမှု မရှိတော့တဲ့ အောင်ဘာလေထီကို အွန်လိုင်းစနစ် အသုံးပြုပြီး နာလန်ပြန်ထူနိုင်ဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လကစပြီး ကြိုးပမ်းခဲ့ပေမဲ့ အရာအထင်ခဲ့ဘူးလို့ ထီအရောင်းအဝယ်လုပ်ကိုင်သူတွေက ပြောပါတယ်။
ဝါရင့် ထီလုပ်ငန်းရှင်တဦးက “နဂိုကတည်းက ထီက ပျက်သွားပြီလေ။ ၂၀၂၀ ဟိုဘက်က ထီစာအုပ် ၃၄ သိန်း၊ ၃၅ သိန်းလောက် ရောင်းရတာ။ အခုက ၄ သိန်း၊ ၅သိန်းလောက် ရောင်းရတာလေ။ နဂိုရောင်းတဲ့ရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်းတောင် မရှိချင်တာကို၊ အခုကလည်း အဲ့တိုင်းပဲ ဆက်သွားနေတာပဲ။ သိပ်မထူးခြားပါဘူး။ အွန်လိုင်းပဲလုပ်လုပ် ဘာပဲလုပ်လုပ် ပြန်နာလန်ထူဖို့ မလွယ်ပါဘူး” လို့ ပြောပါတယ်။
ထီလုပ်ငန်းကနေ စစ်တပ်ကို အခွန်ငွေမရောက်အောင် အာဏာသိမ်းပြီးကတည်းက ပြည်သူအများစုက အောင်ဘာလေထီကို မထိုးဘဲ သပိတ်မှောက်ထားကြတာဖြစ်လို့ ထီစျေးကွက်က ပျက်သလောက်ဖြစ်နေတာပါ။ လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ဌာနဆိုင်ရာနဲ့ သူတို့ကို အားပေးထောက်ခံသူတွေသာ ဆက်လက် အားပေးနေကြတာ ဖြစ်တယ်လို့ ထီလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။
ဝါရင့် ထီလုပ်ငန်းရှင်တဦးက “ထီစျေးကွက်က ပျက်နေတာ ၃ နှစ်တောင် ရှိပြီလေ။ ထီလုပ်တဲ့သူတွေလည်း ရှိမှ မရှိတော့ဘဲ။ နည်းနည်းပါးပါးလောက်ပဲ ဟန်ပြလုပ်နေကြတာပဲ” လို့ ပြောပါတယ်။
စစ်အာဏာ မသိမ်းခင်က အောင်ဘာလေထီဈေးကွက်မှာ တလကို ပျမ်းမျှထီအက္ခရာ ၄၀ ကျော်ထိ ထုတ်ရောင်းချနိုင်ခဲ့ပြီး ထီဆုငွေအနေနဲ့လည်း ကျပ်သန်းပေါင်း ၂၀,၀၀၀ ဝန်းကျင်ထိ လစဉ် ခွဲဝေချီးမြှင့်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမြင့်ဆုံးဆုကြေးငွေ ကျပ်သိန်း တသောင်းခွဲထိ ထည့်သွင်းချီးမြှင့်နိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀,၀၀၀ သာ ချီးမြှင့်ပေးနိုင်ပါတော့တယ်။
သြဂုတ် ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် အောင်ဘာလေအွန်လိုင်းနဲ့ ပုံနှိပ်ထီ ဖွင့်ပွဲမှာလည်း ထီလက်မှတ်ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၃,၇၀၀ ကျော်ကိုသာ ဆုကြေးငွေတွေအဖြစ် ခွဲဝေသွားမှာဖြစ်ပါတယ်။ ဘဏ္ဍာသိမ်းငွေထဲက ကျပ်သန်း ၁၀၂.၅၅၀ ကိုလည်း သြဂုတ် ၁ ရက် အောင်ဘာလေထီဆုဖွင့်ပွဲမှာ ဆုကြေးငွေအဖြစ် ထည့်သွင်း ချီးမြှင့်သွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနက ကြေညာထားပါတယ်။










