DVB Logo
Home
မြန်မာသတင်း
မလေးရှား၌တိမ်းမှောက်ခဲ့သည့် သင်္ဘောကို ပြန်တည့်မတ်၊ မြန်မာသင်္ဘောသားများ ပြန်မတွေ့သေး
DVB
·
July 31, 2023
မလေးရှား၌တိမ်းမှောက်ခဲ့သည့် သင်္ဘောကို ပြန်တည့်မတ်၊ မြန်မာသင်္ဘောသားများ ပြန်မတွေ့သေး
Donate to DVB

မြန်မာသင်္ဘောသား ၄ ဦး ပါသွားတဲ့ MV Tung Sung သင်္ဘောကို မှောက်ရက် အနေအထားကနေ ပြန်လည်တည့်မတ်နိုင်ခဲ့တယ်လို့ Malaysia Maritime Enforcement Agency (MMEA) Sarawak ရဲ့ ဒါရိုက်တာ ဇင်အက်စမန်အမ်ဒီယူနွတ်က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၉ ရက်က မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၊ ကိုချင်းမြို့ကနေ ဆာရီကိုင်းဆိပ်ကမ်းကို ထွက်ခွာလာရင်း ဆဘူရောင်ဆိပ်ကမ်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄ မိုင်ခန့်အကွာမှာ တိမ်းမှောက်ခဲ့တဲ့ MV Tung Sung သင်္ဘောဟာ ၁၁ ရက်အကြာ မှောက်ရက်အနေအထားကနေ ဇူလိုင် ၃၀ ရက်မှာ အောင်မြင်စွာ ပြန်လည်တည့်မတ်နိုင်ခဲ့တာပါ။

အဲဒီသင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့ မြန်မာသင်္ဘောသား ကိုသက်မင်းဂျူလိုင်၊ ကိုရဲလင်းထက်၊ ကိုလှဝင်းထွန်း၊ ကိုထွန်းလင်းဦး အပါအဝင် တခြားနိုင်ငံသား ၄ ဦးနဲ့ စုစုပေါင်း ၈ ဦး ပျောက်ဆုံးနေတာဖြစ်ပြီး သင်္ဘောကိုတော့ ဆဘူရောင်ဆိပ်ကမ်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၈ မိုင်အကွာကို ဆွဲယူ ရွှေ့ပြောင်းပြီးပြီလို့ ဆိုပါတယ်။

မြန်မာသင်္ဘောသား ကိုလှဝင်းထွန်းရဲ့ ညီမဖြစ်သူကတော့ “ကိုကြီးရဲ့သတင်းက လွဲပြီးရင် ကျန်တာတွေ ဘာမှမကြားချင်ပါဘူးရှင်။ တမိသားစုလုံးလည်း စိတ်ဓာတ်တွေကျနေပြီ။ ဘာသတင်းမှ ခုထိမရသေးလို့ပါ။ ကျန်တာတွေကတော့ ဘာမှနားမလည်ပါဘူးရှင်” လို့ ပြောပါတယ်။

ဇူလိုင်  ၂၂ ရက် မွန်းလွဲပိုင်းက ဘယ်သူဘယ်ဝါ ခွဲခြားလို့မရသေးတဲ့ ရုပ်အလောင်း ၄ လောင်းကို ဆယ်ယူရရှိခဲ့ပြီး  ဆာရာဝပ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို DNA စစ်ဖို့အတွက် မြန်မာသင်္ဘောသား မိသားစုဝင်တွေရဲ့ DNA နမူနာတွေကိုလည်း မလေးရှားနိုင်ငံအထိ ယူဆောင်နိုင်ဖို့ စီစဉ်နေပြီး ရှာဖွေကယ်ဆယ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေကာ ကျန်တဲ့ သင်္ဘောသား ၄ ဦးဟာလည်း မှောက်နေတဲ့ သင်္ဘောအတွင်း ရှိနိုင်မယ်လို့ ခန့်မှန်းထားကြောင်း MMEA က ထုတ်ပြန်ထားပါတယ်။

ကိုလှဝင်းထွန်းရဲ့ ချစ်သူဖြစ်သူကတော့ “အစ်ကိုက ရေကူးကျွမ်းတယ်လေ။ ခုထိတော့ အားလုံးက အသက်ရှင်ကျန်နိုင်ပါ‌သေးတယ်ဆိုပြီး မျေှာ်လင့်ချက်အပြည့် ရှိနေကြဆဲပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ပြန်လည်တည့်မတ်ထားတဲ့ သင်္ဘောကို တည်ငြိမ်အောင် သေချာ ဆောင်ရွက်‌နေရတာဖြစ်ပြီး ၃၁ ရက် မနက် ၈ နာရီမှာ မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေး ပြန်စလုပ်ကြမယ်လို့ ဇင်အဇမန်းက ပြောပါတယ်။

သဲနဲ့ ကျောက်တွေကိုသာ အဓိကထားတင်လေ့ရှိတဲ့ MV Tung Sung သင်္ဘာဟာ ကုန်တန်ချိန် GRT ၁,၀၀၀  နီးပါးရှိပြီး တိမ်းမှောက်ချိန်မှာတော့ ရာသီဥတုဆိုးဝါးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013