DVB Logo
Home
Lead Story
၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအကျပ်အတည်းဆိုက်လာသည့် စစ်ကောင်စီ
DVB
·
July 31, 2023
၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအကျပ်အတည်းဆိုက်လာသည့် စစ်ကောင်စီ
Donate to DVB

၂၀၂၃ ခုနှစ်သည် စစ်ကောင်စီအတွက် စစ်ရေးမူဝါဒများ ပြင်ဆင်ပြောင်းလဲခဲ့ရသည့်နှစ်ဟု ဆိုနိုင်သည်။ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများဘက်က ဆင်နွှဲနေသော လက်နက်အင်အား မမျှတသည့် ဘက်မညီစစ်ပွဲကို လွယ်လင့်တကူ အသာစီးရ ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်နေခဲ့ခြင်းများ လုံးဝဥဿုံ မှားယွင်းပြီး ဖက်ဆစ်တပ်တခုလုံး ကျဆုံးခန်းရောက်ရှိလာတော့မည်ဟု ၎င်းတို့ကိုယ်တိုင် ထိတ်လန့်လာရသည့်နှစ်လည်း ဖြစ်သည်။

စစ်ကောင်စီသည် စစ်မြေပြင်များတွင် မြေပြင်စစ်ကြောင်းထိုးမှုကို အကြီးအကျယ် လျှော့ချလာရပြီး တရုတ်နိုင်ငံ ကြားဝင်မှုဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် AA / MNDAA / TNLA တို့နှင့် ပြေလည်ရာပြေလည်ကြောင်း အပစ်ရပ်လက်မှတ်ထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဖို့ရာ ကြိုးစားသော်လည်း ဆွေးနွေးမှုများမှာ ပျက်ပြားခဲ့သည်။ ထိုအခြေအနေသည် စစ်ကောင်စီအတွက် စစ်ရေးအရ ဘေးကျပ်နံကျပ် အနေအထားနှင့် စစ်ရေးဖိအားများ ပိုမိုများပြားလာနေသည်ဟု ဆိုနိုင်သည်။

ရခိုင်စစ်မျက်နှာတွင်မူ လူမူစီးပွား အထွေထွေပိတ်ဆို့မှုကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် မဖြစ်မနေ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ရသည်က စစ်ကောင်စီအတွက် ဖိအားအတော်အတန် လျော့ကျစေသည်ဟု ယူဆနိုင်သော်လည်း နောက်ကျောလုံသည့် အပစ်အခတ်ရပ်စဲမှုတော့ မဟုတ်ဘဲ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်ပေသည်။

ရခိုင်မြောက်ပိုင်းတွင် နယ်မြေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်နေမှုများက ပြိုင်ဆိုင်လာပြီး မိုခါမုန်တိုင်းကြောင့် စစ်ကောင်စီအနေဖြင့် လူမှုကယ်ဆယ်ထောက်ပံ့ရေး အကြောင်းပြကာ တပ်အင်အားတိုးချဲ့မှု၊ ရဲအင်အား များပြားစွာ ပို့ဆောင်ထားမှုများက ရက္ခိုင့်တပ်တော်ကို စစ်ရေးအရ ထောက်ထားနိုင်ရန် ရည်ရွယ်ကြောင်းနှင့် နောက်ကျောလုံစေရန် ဖြစ်ကြောင်း ယူဆနိုင်သည်။

စစ်ကောင်စီသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ခံကတုတ်ထဲမှ မထွက်ဘဲ ကွန်မန်ဒို တပ်စုများဖြင့် စစ်ဆင်သည့် နည်းဗျူဟာကို စဉ်းစားလာရသည့်အပြင် နယ်မြေစိုးမိုးနိုင်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ခေါင်းခဲနေရသည့် ပြဿနာမှာ ဖြေရှင်းမရသည့် အခြေအနေ ဖြစ်လာနေခဲ့သည်။ စစ်နည်းဗျူဟာ နိမ့်ကျမှု၊ တိုက်ခိုက်လိုစိတ် ပျက်ယွင်းမှု၊ တပ်ပြေးများလာမှုနှင့် လူသစ်စုဆောင်းရရှိမှု အခြေအနေများ အားမကောင်းမှုတို့ကြောင့် ပြုန်းတီးသွားသော အင်အားကို အလျဉ်မီအောင် ပြန်ဖြည့်နိုင်ရန် ရသည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေရပြီး  စစ်ရေးအရ အောင်မြင်မှုများမှာလည်း အလှမ်းဝေးလာရပြီ ဖြစ်သည်။

ထိုအနေအထားတွင် တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့စစ်မဟာဗျူဟာအရ အဆင့် ၂ ဖြစ်သော တန်ပြန်ထိုးစစ်အကြိုကာလသည် အရှိန်အဟုန်ဖြင့် အားကောင်းလာနေပြီး စစ်မျက်နှာများ ချဲ့ထွင်လာနိုင်သလို ပဲခူးတောင်ဘက်နှင့် အနောက်ခြမ်းတို့အထိ စစ်ရေးအရ ထိုးဖောက်မှုများ ရှိလာနေခဲ့သည်ကို သတင်းများတွင် ဖော်ပြပါရှိလာခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ လမ်းများအားလုံး နေပြည်တော်သို့ ဟူသော တိကျပြတ်သားသည့် စကားလုံးများက တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအောင်မြင်မှု မည်မျှထိ ရရှိနေခဲ့ပြီဆိုသည်ကို သတင်းဌာနများမှ ဖော်ပြခဲ့ကြသလို စစ်ကောင်စီ အနေဖြင့်လည်း ခေါင်းခဲရသည့် စစ်ရေးအကျပ်အတည်း ကြီးမားစွာ ကြုံတွေ့လာနေရပြီလည်း ဖြစ်သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြည်တော်ဝင်စစ်ဆင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကလည်း စစ်ကောင်စီအတွက် အလေးထား စဉ်းစားစရာ အန္တရာယ် အချက်ပေးခေါင်းလောင်းသံများအဖြစ် မြည်ဟီးနေခဲ့သည်။

စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်း လမ်းများဖျက်ဆီးခြင်း၊ ပင်လောင်းဒေသတွင် တပ်အင်အားများပြားစွာ ပို့ထားရခြင်း၊ နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ရင်း ၁၀ ရင်းအထိ ချထားရခြင်းနှင့်အတူ ပြည်သူ့စစ်များကိုလည်း နေပြည်တော်ပတ်လည်တွင် ရတတ်သရွေ့ စုဆောင်းကာ စစ်သင်တန်းပေးခြင်းဖြင့် ကာကွယ်လာရသည်။

ပဲခူးရိုးမကို ထိုးဖောက်လာနိုင်မည့် တော်လှန်ရေးအင်အားစုများကို တားဆီးရန် ပဲခူးအနောက်တွင် တပ်ရင်းများစေလွှတ်ကာ စစ်ကြောင်းထိုးခြင်းများ ဆောင်ရွက်လာနေခဲ့သည်။

ကရင်နီစစ်မျက်နှာတွင်မူ ဖွဲ့စည်းပုံပျက်သည်အထိ အလွန်အမင်း အခြေအနေ ဆိုးရွားခဲ့သော တပ်မ ၆၆ ကို ပြန်လည်ပြင်ဆင်စုဖွဲ့မှုများ လုပ်နေခဲ့ပြီး အထိုင်တပ်မအဖြစ်သာ ထားရှိပြီး တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို ရင်ဆိုင်တောင့်ခံနေရသည်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးအင်အားစု (KNDF) သည် ၂ နှစ်တာကာလအတွင်း စစ်ကောင်စီနှင့် ပြင်းထန်သော တိုက်ပွဲကြီးများ တိုက်ခဲ့ရသလို ကြီးကျယ်သော စစ်ရေးအောင်မြင်မှုများလည်း  ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ကရင်နီပြည်တခုလုံးနီးပါး ထိန်းချုပ်နိုင်စပြုပြီဟု ဆိုနိုင်သည်။

လက်ရှိတွင် ပြည်သူ့ခုခံတော်လှန်စစ်သည် ၂ နှစ်ခွဲကာလကို လွန်မြောက်ခဲ့ပြီဖြစ်သလို အခြေအနေများသည်လည်း အောင်မြင်မှုများဘက်သို့ တစတစ ယိမ်းလာခဲ့လေပြီ။ စစ်ကောင်စီသည်လည်း အသက်ဆက်နိုင်ရေး ရသည့်နည်းဖြင့် တောင့်ခံနေရသည့် အနေအထားသို့ ဆိုက်ရောက်နေခဲ့ရလေပြီ။

တော်လှန်ရေးအင်အားစုများ၏ ဘက်ပေါင်းစုံထိုးစစ်ကို စစ်ကောင်စီအနေဖြင့် မည်မျှကြာကြာ ခုခံနိုင်ပါ့မလဲ ဆိုတာကတော့  . . . . . ။

မောင်မိုးမာန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013