ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ဇူလိုင် ၂၈ ရက် မနေ့ညက ကား ၃ စီး ဆင့်တိုက်မိခဲ့ပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
တာမွေ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက ၃ ကျောင်းရှေ့မှာ ည ၁၁ နာရီကျော်က KIA Carnival အိမ်စီးကားကနေ လမ်းယာဘက်ခြမ်းမှာ ရပ်ထားတဲ့ Toyota Succeed ကားကို အရင်ဝင်တိုက်ပြီး မောင်းနှင်လာတဲ့ Taxi ကားကိုလည်း ထပ်တိုက်မိခဲ့တာပါ။
ကယ်ဆယ်ရေးမှာ ပူးပေါင်းခဲ့သူတယောက်က "ဝင်တိုက်ခဲ့တဲ့ကားကတော့ ထွက်ပြေး သွားတယ်။ ရပ်ထားတဲ့ ကားမှာတော့ လူမရှိဘူး။ Taxi ကားပေါ်က ယာဉ်မောင်းနဲ့ ခရီးသည်တွေ ဒဏ်ရာတွေရခဲ့တယ်။ ဆေးရုံကို ပရဟိတအသင်းတွေ ပေါင်းပြီး ပို့ဆောင်ပေးခဲ့တယ်လို့" ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကား ၂ စီးကို ယာဉ်ထိန်းရဲတွေက ကရိန်းကားနဲ့ တင်ဆောင်သွားပြီး Taxi ယာဉ်ပေါ်ပါ ယာဉ်မောင်းအမျိုးသားတယောက်နဲ့ လိုက်ပါစီးနင်းလာတဲ့ အလုပ်ကပြန်လာသူ အမျိုးသမီး ၅ ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရခဲ့တာကြောင့် သူတို့ကို သင်္ဃန်းကျွန်းမြို့နယ်ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ညပိုင်းကလည်း ဗဟန်းမြို့နယ် ဦးထောင်ဗိုလ် အဝိုင်းနားမှာ အိမ်စီးကား နှစ်စီးတိုက်မိခဲ့လို့ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ်။
Photo ရှင်သန်ရေးကူညီမှုအသင်း