မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းယားကုန်းနဲ့ ထန်းတိုကျေးရွာကြားမှာ ဇူလိုင် ၂၆ ရက် မနက် ၇ နာရီ ၁၅ မိနစ်လောက်က ရှင်မတောင်ပေါ်ကနေ ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ရှင်မတောင်ပေါ်ကနေ ရိက္ခာပို့ပြီး ဆင်းလာတဲ့ စစ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေ ၅၀ အကွာ ကတ္တရာလမ်းပဲခြားပြီး အနီးကပ်ထိတွေ့မှု နာရီဝက်ကြာဖြစ်ခဲ့တာလို့ ရေစကြိုပကဖ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။
“ရှေ့ဆုံးတက်လာတဲ့ ၇ ယောက်ပေါ့နော်၊ ၇ ယောက်ထဲမှာ ၃ ယောက်က ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေ ဖြုတ်နေတာပေါ့နော်။ မိုင်းကြိုးတွေ ဘာတွေ ခွေနေတာ၊ မိုင်းတွေ လက်ညှိုးထိုးပြနေတာ၊ ကျနော်တို့ စပစ်ခတ်လိုက်တော့ မိုင်းဖြုတ်နေတဲ့ သုံးယောက်က နေရာတင် ပွဲချင်းပြီးသေတယ်” လို့ ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပေြာပါတယ်။
စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီး သုံးဦး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး တခြား ထိခိုက်ဒဏ်ရာရထားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် တပ်မ ၁၀၁ နဲ့ ဆင်ချောင်းရွာက ပျူစောထီးတွေ ပူးပေါင်းပြီး ဇူလိုင် ၂၄ ရက်က စတင်ကာ ရှင်မတောင်ပေါ်ကို ဖောကားနှစ်စီးနဲ့ ရိက္ခာသွားပို့ဆောင်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဖောကားတစီး ပျက်စီးခဲ့ပြီး စစ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပခုက္ကူခရိုင် တပ်ရင်း-၉ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇူလိုင် ၂၅ ရက် ညနေပိုင်းက စစ်ဆေးရေးဂိတ်ကပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် တင်းဂတ်စစ်ဆေးရေဂိတ်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီ မိနစ် ၄၀ လောက်က ကန်တော်ရွာကနေ ကမ္မမြို့ကို Alphard ကားအဖြူနဲ့ ပြန်လာတဲ့အချိန် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက်၊ ရဲ ၂ ယောက်နဲ့ ပျူစောထီးတယောက် ပွဲချင်းပြီးသေဆုံးကာ ယာဥ်မောင်းတယောက်သာ လွတ်မြောက်သွားပြီး ကမ္မရဲစခန်းထဲမှာ မြှုပ်နှံခဲ့တယ်လို့ အတွင်းသတင်းရရှိကြောင်း ဆိုပါတယ်။
ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်မှာလည်း ဇူလိုင် ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။