DVB Logo
Home
မြန်မာသတင်း
အကျဉ်းသားများ လွတ်ငြိမ်းခွင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းမည့်သတင်းထွက်ပေါ် 
DVB
·
July 26, 2023
အကျဉ်းသားများ လွတ်ငြိမ်းခွင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းမည့်သတင်းထွက်ပေါ် 
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်တလုံးမှာ ပြောင်းရွှေ့ချုပ်ထားဖို့ စီစဉ်နေတယ်လို့ လုံခြုံရေးတာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး  အေပီသတင်းမှာ ရေးသား ဖော်ပြပါတယ်။

လာမယ့်သီတင်းပတ်မှာ ကျင်းပဖို့ရှိတဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတခုနဲ့ ဆက်နွှယ်ပြီး အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ရှိနေတာရဲ့ တစိတ်တပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုပြောင်းရွှေ့တာဖြစ်ကြောင်း  လုံခြုံရေးအရာရှိတဦးက ပြောတယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ စစ်ခေါင်းဆောင်တည်နေတဲ့  မာရဝိဇယ  ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား အထိမ်းအမှတ် အခမ်းအနားတခု လာမယ့် သီတင်းပတ် အင်္ဂါနေ့မှာ ကျင်းပဖို့ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေရာ ရွေ့ပြောင်းအကျဉ်းချတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက ကြေညာမယ်လို့လည်း နေပြည်တော်ရှိ စစ်ကောင်စီ တာဝန်ရှိသူတဦးက ပြောကြောင်း အေပီသတင်းမှာ ရေးပါတယ်။    ဒါပေမဲ့ ပြောင်းရွှေ့မယ့် နေရာနဲ့ အချိန်ကိုတော့ အတိအကျမသိဘူးလို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ ဒုတိယဝန်ကြီးအဆင့် နေထိုင်တဲ့နေအိမ်တလုံးဆီကို စစ်ကောင်စီက ပြောင်းရွှေ့လိုက်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး  ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို  စစ်ကောင်စီကလည်း တရားဝင်သတင်းထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးဘိုဘိုဦးကလည်း ဒေါ်အောင်ဆန်းစုကြည် သတင်းတွေနဲ့ ပတ်သက်ပြီး ကြားနေရတာ  ၃ ရက်လောက်ရှိနေပြီ ဖြစ်ပေမဲ့  အတည်ပြုနိုင်ဖို့အတွက်  ဘာမှ စုံစမ်းလို့မရသေးဘူးလို့ ပြောပါတယ်။ 

အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းမှာတော့ လာမယ့် ဩဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသားတချို့ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးမယ်လို့ သတင်းထွက်ပေါ်နေပြီး  လွတ် ရက်နီးတဲ့ အကျဉ်းသားတွေနဲ့  ထင်ရှားသူတချို့ ပါလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ 

ထောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “၁ ရက်နေ့မှာ အကျဉ်းသားလွှတ်ဖို့က တော်တော်လေးပြောနေကြတယ်။ တချို့ထောင်တွေဆို စာရင်းတွေတောင် ဝင်နေပြီထင်တယ်။ လွတ်မယ့်သူတချို့တွေတောင် သိနေကြတယ်။ ထောင်ကပဲ သိသလား၊ ဘယ်ကနေသိကြလဲတော့ မသိဘူး။ ထောင်တွေမှာလည်း အခုရက်ပိုင်း ထူးတယ်။ အဲ့ဒါကလည်း အခုလို နိုင်ငံတော်လွတ်ငြိမ်း သေချာပေါက်လာတော့မယ်ဆိုရင် ဝန်ထမ်းတွေက အချိုးပြောင်း ကြတယ်လေ၊ လွတ်တဲ့သူတွေက သူတို့ကို လှော်မှာစိုးလို့ ကြောက်တော့၊ မျက်နှာချိုသွေးရတာ၊ နောက် အခုလည်း  ဒေါ်စုကို အကျယ်ချုပ်ပြောင်းထားတာတွေကလည်း ကြားနေတော့၊ သေချာသလောက်ကိုရှိနေပြီ။ သူတို့ ဘုရားကြီးဖွင့်ပွဲလည်း လုပ်မှာဆိုတော့ ကြံဖန်ပြီး၊ အထိမ်းအမှတ်အနေနဲ့ ပဏ္ဍာတော့ ယူမှာလေ။ အဲ့ဒီတော့ လွတ်ငြိမ်းကတော့ လာမယ်လို့ ပြောနိုင်တယ်၊ အကုန်ပါမပါတော့ ပြောလို့မရပေမဲ့ တချို့ လွတ်နီးတွေနဲ့ ထင်ရှားသူတွေတော့ သေချာပေါက် လွှတ်လိမ့်မယ် ထင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး သူ့ရဲ့ရှေ့နေတွေကိုလည်း  မီဒီယာတွေနဲ့ စကားမပြောဖို့ တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာစသိမ်းကတည်းက ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ  အမှုပေါင်းစုံနဲ့ သက်သေအထောက်အထားမရှိ  စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့မှာ အပြစ်မရှိဘူးပြောထားသလို တရားရုံးအဆင့်ဆင့်မှာ အယူခံနဲ့ အထူးအယူခံတွေ ပြန်တက်ထားပါတယ်။ 

စစ်ကောင်စီဟာ အာဏာသိမ်းစက ဒေါ်အောင်ဆန်းစုကြည်ကို  နေပြည်တော်ရှိ သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးထားပြီး နောက်ပိုင်းအမှုရင်ဆိုင်နေရတဲ့ကာလမှာ  အမည်မသိရတဲ့ နေရာတနေရာမှာ ပြောင်းရွှေ့ထားခဲ့ပါတယ်။  အမှုတွေ စတင်အမိန့်ချပြီး  ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်မှာ နေပြည်တော် ထောင်ထဲကို စတင်ပြောင်းရွှေ့ အကျဉ်းကျထားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကတော့  ထိုင်းနိုင်ငံခြားရေးဝန်ကြီး  နိုင်းဒွန်းပရမတ် ဝိနိုင်းဟာ နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်ချင်း အချိန် တနာရီခွဲလောက်ကြာတွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက အတည်ပြု ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ မသိရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတခုဖြစ်ခဲ့တယ်၊ တွေဆုံဆွေးနွေးမှုတွေလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မီဒီယာတွေကို ပြောပါတယ်။

ဒီတွေဆုံမှုကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF တွေကို မထောက်ခံတဲ့ အကြောင်း  စစ်ကောင်စီဘက်က မဟုတ်မမှန် ဝါဒဖြန့်နေတာ ရှိပါတယ်။ 

Ref: AP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013