DVB Logo
Home
မြန်မာသတင်း
ကချင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ၁ ဦး ပစ်သတ်ခံရပြီး အမျိုးသမီး ၁ ဦး လုယက်ခံရ
DVB
·
July 26, 2023
ကချင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ၁ ဦး ပစ်သတ်ခံရပြီး အမျိုးသမီး ၁ ဦး လုယက်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လင်းကို ဇူလိုင် ၂၄ ရက် ညမှာ အမည်မသိ လူငယ်လေးဦးက လာရောက်ခေါ်ဆောင်သွားပြီး ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ကျေးရွာဒေသခံတဦးက “ည ၇ နာရီလောက် လူငယ်လေးဦး ရောက်လာပြီး အလုပ်ကိစ္စပြောဖို့ဆိုပြီး ခေါ်သွားတာ။ တညလုံး ပြန်မလာတော့ မိသားစုတွေက စိတ်ပူနေတာ။ မနက်ကျတော့ ဝှေခါ ဖားကန့် လမ်းမပေါ်မှာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာကြီးနဲ့ သေနေတာတွေ့ရတယ်။ ဘာကြောင့် ပစ်သတ်လဲတော့ မသိဘူး။ မသေခင် ရိုက်နှက်ထားပုံရတယ်။ မျက်နှာလည်း ယောင်ကိုင်းနေတယ်” လို့ ပြောပါတယ်။

အလုပ်ကိစ္စပြောဖို့ဆိုပြီး ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ခေါ်ဆောင်သွားလို့ အမည်မသိ လူငယ်လေးဦးနောက်ကို လိုက်သွားတဲ့ ဦးအောင်လင်းဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး သူမောင်းနှင်သွားတဲ့ မော်တော်ကားလည်း ပျောက်ဆုံးနေပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမည်မသိ လူငယ်ငါးဦးက အလုပ်ကိစ္စဆွေးနွေးဖို့ လာရောက် ခေါ်ဆောင်သွားပြီး သေနတ်နဲ့ ပစ်သတ်သွားပါတယ်။

ဖားကန့်မြို့နယ်မှာ ၂၀၂၂ ခုနှစ် မေ ၃၁ ရက်က အမည်မသိ သေနတ်သမားအဖွဲ့က  မတ်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကျော် အပါအဝင် အမျိုးသားလေးဦးနဲ့ ၂၀၂၂ ခုနှစ် ဇွန် ၂၅ ရက်က ဟောင်ပါးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေ တို့ကိုလည်း  အမည်မသိ သေနတ်သမားအဖွဲ့က ပစ်သတ်ခဲ့ပါသေးတယ်။

မြစ်ကြီးနားမြို့မှာလည်း  ဇူလိုင် ၂၅ ရက် ညနေ ၇ နာရီလောက်က ​​စီတာပူရပ်ကွက် ကမ်းနားလမ်း မြစ်ကြီးနားတက္ကသိုလ် အုတ်တံတိုင်းအဆုံးလမ်းမှာ စူပါကပ် တရုတ်ဆိုင်ကယ် မောင်းနှင်လာတဲ့ အမျိုးသမီးတဦးရဲ့ ပိုက်ဆံအိတ်ကို လူ ၃ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ပေါ်ကနေ ဆွဲလုခံရပြီး အမျိုးသမီး နဖူးပေါက် ဒူးပွန်းပဲ့ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်တဦးက “အော်သံကြားလို့ ထွက်ကြည့်တာ အမျိုးသမီးကိုက ဆွဲထူထားပြီ၊ စက္ကန့်ပိုင်းပဲ။ လုတဲ့သူကို မတွေ့လိုက်တော့ဘူး။ အမျိုးသမီး ၂ ယောက် စီးလာတာ။ သွေးသံရဲရဲပဲ။ ဒူးလည်းပြဲ နဖူးလည်း ကွဲပဲ။ နောက်ကတယောက်တော့ ဘာမှသိပ်မဖြစ်ဘူး” လို့ ပြောပါတယ်။

လုယက်ခံရတဲ့ မိနစ်ပိုင်းအတွင်းမှာပဲ ဖြတ်သွားဖြတ်လာတွေက ကူညီကြပြီး သွေးထွက်သံယိုမှုတွေကြောင့် လူမှုကူညီ​ရေးအသင်းတွေဆီ ဆက်သွယ်ပေးကြပေမဲ့ ပိုက်ဆံအိတ်၊ ဖုန်း အကုန်ပါသွားတဲ့ပြင် ​မြို့ခံလည်းမဟုတ်တာကြောင့် ဆေးခန်းသွားဖို့ မဝံ့မရဲ ဖြစ်နေကြောင်းလည်း ဆိုပါတယ်။

“ညီမရယ် ဆေးခန်းတော့သွားရမှာပါ။ ကားနဲ့တော့ မသွားတော့ပါဘူး။ ဆေးခန်းပြလည်း ငွေကတော့ လိုမှာပဲလေ။ အမက ဧည့်သည်ပါ။ ငွေလေး ၅,၀၀၀၊ ၁၀,၀၀၀ လောက် ကူညီရင် ရပါပြီ။ ဆိုင်ကယ်နဲ့ပဲ သွားလိုက်ရင်ရမှာပါ” လို့ သူမကပြောကြောင်း ကူညီပေးနေတဲ့ အမျိုးသမီးက ပြောပါတယ်။

ဒဏ်ရာကြောင့် မူးလဲကျမှာ စိုးရိမ်ရပေမဲ့ ကာယကံရှင်အမျိုးသမီးက ဆေးခန်းကုန်ကျငွေကိုသာ ပူပင်နေတာမို့ အနီးအနားကသူတွေ ငွေအနည်းငယ်စီ ကူညီကြတော့မှ သူ ဆေးခန်းကို အသာတကြည် လိုက်သွားတယ်လို့ တွေ့မြင်လိုက်သူတွေက ပြောပါတယ်။

စီတာပူရပ်ကွက်မှ ဖုန်းဆိုင်ပိုင်ရှင်တယောက်က “လုယက်မှုတွေက နိစ္စဓူဝလို ဖြစ်နေတာမို့ ခုချိန်က ဖုန်းနဲ့ဆိုင်ကယ်က ရောင်းလို့အလွယ်ဆုံးမို့ အိမ်ထဲထိ ဝင်ခိုးကြတာ။ အလွယ်လမ်းလိုက်ချင်သူတွေကြောင့် ရိုးရိုးသားသား ရှာဖွေစားသောက်သူတွေ အရမ်းသောကရောက်ကြရတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်း ဖားကန့်၊ မြစ်ကြီးနားအပါအဝင် မြို့နယ်အချို့မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့အလောင်း စွန့်ပစ်မှု၊ အနုကြမ်းစီး ဓားပြတိုက်မှု၊ လုယက် သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ပြ ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013