DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး ထပ်မံမြင့်တက်
DVB
·
July 25, 2023
စက်သုံးဆီဈေး ထပ်မံမြင့်တက်
1 / 2
Donate to DVB

ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ရန်ကုန် လက်လီဈေးကွက်အတွင်း ဓာတ်ဆီ တလီတာကို မြန်မာကျပ်ငွေ ၂,၃၀၀ ကျော်ထိ စျေးထပ်မံမြင့်တက်လာပါတယ်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ တရားဝင် ရည်ညွှန်းစျေးအရ ရန်ကုန်လက်လီစျေးကွက်မှာ ဓာတ်ဆီ ၉၂ တလီတာကို ၂,၂၅၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာကို ၂,၃၂၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၂၀၀ ကျပ်၊ ပရီမီယမ် ဒီဇယ် တလီတာကို ၂,၂၇၅ ကျပ်အထိ ဈေးမြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့မှာရှိခဲ့တဲ့ စျေးနဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီ တလီတာကို ၃၀ ကျပ်ကနေ ၇၅ ကျပ်၊ ဒီဇယ် တလီတာကို ၄၀ ကျပ်ကနေ ၄၅ ကျပ်အထိ ၃ ရက်အတွင်း မြင့်တက်လာတာ တွေ့ရပါတယ်။

နယ်ဒေသတွေမှာတော့ နေရာဒေသအပေါ် မူတည်ပြီး စက်သုံးဆီ တလီတာကို လက်လီစျေး ၂,၃၀၀ ကျပ် ဝန်းကျင်ကနေ အမြင့်ဆုံး ကျပ် ၃,၁၀၀ ‌ကျော်အထိ ရောက်ရှိနေပါတယ်။

စက်သုံးဆီ လက်လီလက်ကားရောင်းချသူတဦးက “စက်သုံးဆီစျေးက အတက်ဘက် သွားနေတာပေါ့၊ မနေ့ကစျေးနဲ့ယှဉ်ရင် တလီတာကို ၃၀ ကျပ်၊ ၄၅ ကျပ်လောက်ထိ ထပ်တက်လာတယ်။ စင်ကာပူဈေးတက်တာကြောင့်ရယ် ဒေါ်လာစျေးတက်တာလည်း ပါမှာပေါ့။ နောက်ထပ် ရက်အနည်းငယ်လောက်ထိကတော့ စျေးဆက်မာနေဉီးမယ်ထင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်ရဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ် ထုတ်မယ်ဆိုတဲ့ ကြေညာချက်ကြောင့် မြန်မာငွေတန်ဖိုး ရုတ်တရက်ကျဆင်းပြီး ‌အိမ် ခြံ မြေ၊ ကား၊ ရွှေနဲ့ နိုင်ငံခြားငွေစျေးကွက်ကို ကမောက်ကမ ဖြစ်စေခဲ့တာကြောင့် အများစုက အရောင်းတွေ ရပ်နားထားကြပါတယ်။

စက်သုံးဆီကလည်း ပြည်ပကနေ နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းရတာဖြစ်လို့ ဒေါ်လာစျေး မတည်ငြိမ်သေးတာကြောင့် လိုသလောက် ဝယ်ယူမရတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပြီး စက်သုံးဆီစျေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ လူမှုကွန်ရက်မှာ သုံးသပ် ပြောဆိုနေကြပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာပါက နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းကိုပါ ရိုက်ခတ်လာနိုင်ပြီး အခြေခံဝင်ငွေနည်း ပြည်သူတွေကို ပိုမို ကျပ်တည်းလာစေနိုင်ပါတယ်။

စက်သုံးဆီ‌စျေးနှုန်း ရုတ်တရက်ထိုးတက်တာ၊ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်ပြီး ဝယ်ယူရခက်တဲ့ ဖြစ်စဉ်တွေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာခဏ ဖြစ်ပေါ်ခဲ့တာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ၂ နှစ်ကျော် ခံစားနေရတဲ့ လူထုအကြား စိုးရိမ်မှုတွေက မြင့်တက်နေတာပါ။

ရန်ကုန်မြို့နေပြည်သူတဦးကတော့ “ဝယ်ရတာ လောလောဆယ် မခက်သေးဘူး။ စျေးတက်တာပဲရှိတာ။ တရက်ချင်း တလီတာကို ၃၀ ကျပ်နှုန်းလောက် တက်နေပေမဲ့ ဝယ်လို့ရတော့ ပြဿနာမရှိသေးဘူး” လို့ ပြောပါတယ်။

နေပြည်တော်မှာ ဗုဒ္ဓရုပ်ပွားတော် ပြီးစီးမှုနဲ့ ဆင်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာကျပ်ငွေ ၂၀,၀၀၀ တန် ရိုက်နှိပ်ထုတ်ဝေမယ့်အကြောင်း မကြေညာမီ ရှေ့တရက်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်နေ့မှာ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး တင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတခုကို ပြုလုပ်ခဲ့တယ်လို့ အဲဒီအသိုက်အဝန်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013