DVB Logo
Home
မြန်မာသတင်း
ကိုမင်းကိုနိုင်၏ “Return of Salmons” ပန်းချီကား ကန်ဒေါ်လာ ၃၃,၃၃၃ ဖြင့် လေလံအောင်
DVB
·
July 24, 2023
ကိုမင်းကိုနိုင်၏ “Return of Salmons” ပန်းချီကား ကန်ဒေါ်လာ ၃၃,၃၃၃ ဖြင့် လေလံအောင်
1 / 3
Donate to DVB

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရေးဆွဲတဲ့ “Return of Salmons” ပန်းချီကားဟာ အမေရိကန်ဒေါ်လာ ၃၃,၀၀၀ ကျော် အမြင့်ဆုံးပေးပြီးတော့ လေလံ အောင်မြင်သွားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် “ဆယ်လ်မွန်ငါးတို့အပြန် ရိုးမခေါ်သံ” ကမ်ပိန်းပိတ်ပွဲနဲ့ ပန်းချီကားလေလံပွဲကို မနေ့က အွန်လိုင်းကနေ ကျင်းပခဲ့ရာမှာ ပန်းချီကားလေလံပွဲမှာ အမေရိကန်ဒေါ်လာ ၃၁,၀၀၀ နဲ့ အမြင့်ဆုံးဈေးပေးကာ လေလံအောင်မြင်သွားတဲ့ ကိုစည်သူဝင်း (USA) က မှတ်မှတ်ရရ ဖြစ်သွားအောင် ဒေါ် လာ ၃၃,၃၃၃ ထိ တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်က “လမ်းမတွေပေါ်မှာ ဂုဏ်သိက္ခာအတွက်၊ အနာဂတ်မျိုးဆက်တွေအတွက် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြရင်းနဲ့ လက်သုံးချောင်းထောင်ခဲ့တဲ့ ပြည်သူအားလုံးကို ဂုဏ်ပြုလိုက်တယ်လို့ ကျနော်နားလည်ပါတယ်။ ဆိုတော့ ဒီပမာဏဟာ အားလုံးရင်ထဲမှာ ချမ်းမြေ့စေမယ်လို့လည်း ကျနော်ယုံပါတယ်။ အကောင်းဆုံးကတော့ ခွန်အားတွေ ရ တာပါပဲ။ ကျနော်တို့ ပြည်သူတွေဟာ ဘယ်တော့မှ သွေးမအေးဘူး၊ ဘယ်တော့မှ အရှုံးမပေးဘူး၊ ဒီတပွဲက ပန်းဝင်မယ့်ပွဲဖြစ်တယ်ဆိုတာကို ကောင်းကောင်းခိုင်ခိုင် သက်သေပြခဲ့ တယ်လို့ ကျနော်ယုံပါတယ်။ အခုလို မှတ်မှတ်ရရ ဖြစ်သွားအောင် ဂဏန်းကအစ တိုးပေးခဲ့ကြတဲ့ အားလုံးသောပေါ့နော်၊ ၃၀၀၀ ကစပြီးတော့ တိုးပေးခဲ့ကြတဲ့ ကျနော်တို့ရဲ့ မိသား စုတွေပေါ့၊ ရောက်ရာအရပ်ကနေပြီး ဒီတော်လှန်ရေးကို နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ဝင်ပါကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်ပြောသလိုပါပဲ။ လူဆိုတာ ရောက် နေတဲ့အရပ်က အရေးမကြီးဘူး၊ ဖြစ်နေတဲ့ တရားသာလျှင် ပဓာနပါလို့ ပြောသလိုပေါ့။ ရောက်ရာအရပ်က အခုလို ပြည်သူ့ဘက်က နိုင်ကိုနိုင်ရမယ်လို့ သင်္ကေတ ပြလိုက်တယ်လို့ မြင်ပါတယ်။ အဲတော့ လောကနိယာမ အတိုင်းပေါ့ဗျာ။ အဓမ္မကို ဓမ္မကသာလျှင် နိုင်ကြေးပေါ့။ ကိုဂျင်မီပြောသလိုပေါ့ဗျာ။ တရားတဲ့ဘက်က နိုင်ကြေးပေါ့ဗျာ။ ကျေးဇူးတင်ပါတယ်”လို့ လေလံပွဲမှာ ပြောပါတယ်။

“ဆယ်လ်မွန်ငါးတို့အပြန် ရိုးမခေါ်သံ” ကမ်ပိန်းကိုတော့ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာအတွက် အရေးပါလှတဲ့ ပဲခူးရိုးမနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှု ရရှိစေဖို့အတွက် ရေးဆွဲထားတဲ့ ဆယ်လ်မွန်စစ်ဆင်ရေးက ဦးဆောင်နေတာဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ ၃ သိန်းထိ ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်က “သာမန်လေလံပွဲနဲ့မတူဘူး။ ဘယ်သူရသွားတယ်ဆိုတာထက် အမိမြေကို ဘယ်လောက်ချစ်တယ်ဆိုတာ ဝိုင်းသက်သေပြကြတာ။ နောက်ဆုံးစက္ကန့်အထိ စိတ် လှုပ်ရှားရတယ်။ ဝင်ပြိုင်သူအားလုံးကို ပရိသတ်က ဘယ်လောက်ချစ်ခင်အားကိုးလဲ ဆိုတာ စာတွေ မှတ်ချက်ဝင်ရေးအားပေးကြတယ်။ ပွဲစီစဉ်သူတွေအနေနဲ့ မျှော်မှန်းတာထက် များစွာပိုခဲ့ကြောင်း ဝန်ခံပါတယ်။ ဒါပေမဲ့ ငွေကြေးပမာဏထက်၊ အောင်စိတ်တွေ အပြိုင်းအရိုင်း ဖွံ့ထွားလာကြတာ၊ ငါတို့အားလုံးတွေ အတူရှိနေသားပဲ ဆိုတဲ့အသိဝင်လာတာ။ ဒီတော်လှန်ရေး ဒီစိတ်တွေနဲ့ အောင်ကိုအောင်မှာလို့ နားလည်လာတာ။ ဒါကျနော့်ပန်းချီကားမဟုတ်ပါဘူး။ အားလုံးရဲ့ဘုံပစ္စည်းပါ။ တကမ္ဘာလုံး ပြည်တွင်းပြည်ပ ဝန်းကြ ကူကြ တက်ကြွခဲ့ကြလို့ ရတာပါ။ ပါဝင်ပတ်သက်သူအားလုံး ဂုဏ်ယူစေချင်ပါတယ်။ ယုံကြည်အောင်စိတ်ခိုင်စေချင်တယ်။ ဖက်ဆစ်တပ်ကို ပြည်သူစွမ်းအားစုပေါင်းလုပ်အားနဲ့ အနိုင်ယူ ပြစေချင်ပါတယ်” လို့ လေလံပွဲအပြီးမှာ  ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက် “ရိုးမခေါ်သံ” ကမ်ပိန်း ကိုတော့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ အစောပိုင်းမှာ ဖြစ်သွားခဲ့တဲ့ နတ်သံကွင်း တိုက်ပွဲကိုကြည့်ရင် ဒီဒေသတွေဟာ စစ်တပ်အတွက် KNLA နယ်မြေဘက်ကို လူ၊ လက်နက်၊ ရိက္ခာ ဖြည့်တင်းရတဲ့ အရေးပါတဲ့ ထောက်ပို့လမ်းကြောင်းဒေသတွေ ဖြစ်နေပြီးတော့ နတ်သံကွင်းတိုက်ပွဲကို ဆင်နွှဲခဲ့တဲ့ ဆယ်လ်မွန်စစ်ဆင်ရေးဟာ အခုဆိုရင် အရှိန်မြှင့်တင်ဖို့အတွက် လက်နက်ခဲယမ်းတွေ ဖြည့်တင်းဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးအထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှု တွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပြောက်ကျားရဲဘော်တွေအတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013