DVB Logo
Home
နိုင်ငံတကာ
တိုက်ပွဲများတွင်  ရုရှားက ကလပ်စတာဗုံးများသုံး ဟု ယူကရိန်းစွပ်စွဲ
DVB
·
July 23, 2023
တိုက်ပွဲများတွင်  ရုရှားက ကလပ်စတာဗုံးများသုံး ဟု ယူကရိန်းစွပ်စွဲ
Donate to DVB

ရုရှားဟာ ယူကရိန်းနိုင်ငံမှာ ၁၇ လနီးပါးကြာ စစ်ပွဲအတွင်း အရပ်ဘက်ပစ်မှတ်တွေအပေါ် ဆင့်ကဲပေါက်ကွဲစေနိုင်တဲ့ ကလပ်စတာဗုံးတွေကို သုံးခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲလိုက်ပါတယ်။

ရုရှားဟာ ခါခ့ဗ်နှင့် ခါခိဗ်ဒေသထဲက လူနေရပ်ကွက်တွေကိုပစ်ခတ်ရာမှာ ကလပ်စတာဗုံးတွေကို သုံးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ထပ်ခါတလဲလဲ ပြောဆိုခဲ့တာပါ။ 

အရပ်သားတွေကိုပစ်မှတ်ထားတဲ့ အထူးစစ်ဆင်ရေးဆိုတဲ့ စွဲချက်ကို ရုရှားက ငြင်းဆိုထားပါတယ်။

ယူကရိန်းဟာ အခုသီတင်းပတ်အတွင်း အမေရိကန်ဆီကနေ ကလပ်စတာဗုံးတွေ လက်ခံရရှိထား လို့ ရုရှားက  အရပ်သားတွေကိုပစ်မှတ်ထားတယ်လို့ အကြိမ်ကြိမ်စွပ်စွဲပြီး ယူကရိန်း ကာကွယ်ရေး အရာရှိတွေက ဒီဗုံးတွေကို စစ်မြေပြင်မှာ ရန်သူရဲ့ခံစစ်စည်းကို ထိုးဖောက်ရာမှာသာ သုံးမယ်လို့ ကတိပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရစ်ချ်ဇီယာ ဒေသက ရှေ့တန်းတပ်စခန်းအနီး ပစ်ခတ်မှု ကြောင့် ရုရှားအခြေစိုက် RIA သတင်းဌာနရဲ့ စစ်မြေပြင် သတင်းထောက်တယောက်သေဆုံးပြီး တခြား ရုရှား သတင်းထောက် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

ဒီဖြစ်ရပ်မှာ ကလပ်စတာဗုံးတွေကို ယူကရိန်းက သုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပေမယ့် ဒီကိစ္စအတွက် အထောက်အထားမပြခဲ့သလို သီးခြားအတည်မပြုနိုင်ဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

ကျယ်ပြန့်တဲ့ဧရိယာတွေမှာ ဆင့်ကဲ ပေါက်ကွဲသေစေနိုင်တဲ့ ဗုံးသီးအသေးလေးတွေ အမြောက်အမြားကို ထုတ်လွှတ်လေ့ရှိလို့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကလပ်စတာဗုံးတွေကို တားမြစ်ထားပါတယ်။ 

မပေါက်ကွဲဘဲကျန်ရစ်တဲ့ ကလပ်စတာဗုံးတွေဟာ ဆယ်စုနှစ်များစွာတိုင်အောင် အန္တရာယ် ရှိနေတာပါ။

ဒါပေမယ့် ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့က ကလပ်စတာဗုံးတွေ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းနဲ့ လွှဲပြောင်းခြင်းတို့ကို တားမြစ်တဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်များ ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် မရေးထိုးထားပါဘူး။ 

ယူကရိန်းဆီပေးပို့တဲ့ ကလပ်စတာဗုံးတွေဟာ မပေါက်ကွဲခဲ့ရင် အကြွင်းအကျန် လက်နက်တွေ ကြောင့် အရပ်သားတွေကိုအန္တရာယ်ဖြစ်စေမယ့် ဘေးအန္တရာယ်ရှိတာကို အမေရိကန်က အသိအမှတ်ပြုတယ်လို့  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလေဗန်က ဇူလိုင်လအစောပိုင်းမှာ ပြောခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး အလက်ဇီ ရက်ဇနယ်ကော့ဗ် က စစ်တပ်ဟာ မြို့ပြဒေသတွေမှာ ကလပ်စတာဗုံးတွေကိုမသုံးဘဲ ရန်သူ့ကာကွယ်ရေးလိုင်းတွေကို ဖြတ်ကျော်ဖို့သာ ကလပ်စတာ ဗုံးတွေကို သုံးမယ်လို့ ဇူလိုင် ၈ ရက်မှာ ပြောခဲ့ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013