
တိုက်စစ်မှူးဟယ်ရီကိန်းဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် စပါးအသင်းကရုပ်တု ထားရှိပေးမှာဖြစ်ကြောင်း နည်းပြ ပို့စ်တီကိုဂလူက ပြောသွားပါတယ်။
ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းက ပေါင်သန်း ၇၀ ကျော်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး စပါးဘက်က ဆက်ထိန်းနိုင်ဖို့ ပြင်ဆင်နေတာပါ။
ဟယ်ရီကိန်းဟာ အသင်းနဲ့အတူ လေ့ကျင့်နေပြီး ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားဖြစ်ကြောင်း၊ အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်ပြီး သူအနားယူချိန်မှာ စပါးအသင်းက ရုပ်တုပြုလုပ်ပြီး ဂုဏ်ပြုပေးမှာဖြစ်ကြောင်း နည်းပြ ပို့စ်တီကိုဂလူက ပြောပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ကိန်းဟာ အသင်းနဲ့စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့ပြီး အခုနှစ်အပြောင်းအရွှေ့တွေမှာ ရောင်းချခြင်းမပြုခဲ့ရင် လာမယ့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွါခွင့်ပြုသွားရမှာဖြစ်ပါတယ်။
ကိန်းဟာစပါးအသင်းနဲ့ ဆုဖလားရယူနိုင်ခြင်း မရှိသေးပေမဲ့ စုစုပေါင်းပွဲ ၅၀၀ လောက် ကစားခဲ့ပြီး ၂၇၉ ဂိုးသွင်းယူထားပါတယ်။










