DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း၏ ကွန်စတန်တီနိဗ်ကာမြို့ကို သိမ်းပိုက်လိုက်ပြီဟု ပူတင် ကြေညာ
DVB
·
July 5, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒိုးနက်စ်ဒေသက ရုရှားအစိုးရ ကာလရှည်ကြာ ရယူဖို့ကြိုးပမ်းနေတဲ့ ဗျူဟာမြောက် အဓိကခံတပ်မြို့ဖြစ်တဲ့ ကွန်စတန်တီနီဗ်ကာမြို့ကို ရုရှားတပ်ဖွဲ့တွေ အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဇူလိုင် ၃ ရက်မှာ  သမ္မတ ပူတင်က ရုရှားစစ်တပ်ရဲ့ တင်ပြချက်အရ ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ကို ယူကရိန်းနယ်မြေထဲက ရုရှားစစ်ဆင်ရေးဗဟိုစစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သမ္မတ ပူတင်နဲ့ ရုရှားစစ်ဘက်ထိပ်တန်းတပ်မှူးတွေ တွေ့ဆုံတဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးအတွင်းမှာ သမ္မတ ပူတင်က အခုနှစ်ဆန်းပိုင်းကစပြီး ရုရှားတပ်ဖွဲ့တွေဟာ ဒွန်ဘတ်စ်နဲ့ နိုဗိုရိုစီယာဒေသတွေမှာ မြို့ရွာပေါင်း ၁၃၃ ခုနဲ့ နယ်မြေစတုရန်းကီလိုမီတာ ၃,၀၀၀ ကျော်ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောဆိုပါတယ်။

လူဟန့်စ်ဒေသကို အပြည့်အဝသိမ်းပိုက်ပြီးစီးသွားပြီ ဖြစ်သလို၊ ဒိုးနက်စ်၊ ဇာပိုရီရှားနဲ့ ခါဆန်ဒေသတွေမှာလည်း ယူကရိန်းတပ်ဖွဲ့တွေကို ဆက်လက်ချေမှုန်းနေတယ်လို့ ပူတင်က ဆိုပါတယ်။

ဒါ့အပြင် ခါကိဗ်၊ ဆူမီနဲ့ နီးပရို ပက်ထရို့ဗ် ဒေသတွေရဲ့ နယ်စပ်မှာလည်း လုံခြုံရေး ကြားခံဇုန်တခုကို အစီအစဉ်အတိုင်း တည်ဆောက်နေကြောင်း၊ ရုရှားရဲ့ အရပ်ဘက်အဆောက်အအုံတွေကို ယူကရိန်းဘက်က တိုက်ခိုက်လေလေ၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက် ယူကရိန်းနယ်မြေထဲအထိ ပိုမိုကျယ်ပြန့်တဲ့ လုံခြုံရေးဇုန် ဖန်တီးသွားရလေလေ ဖြစ်မှာပဲလို့ ပူတင်က သတိပေးလိုက်ပါတယ်။

စစ်ပွဲမပြီးခင် ဒိုးနက်စ်ဒေသတခုလုံးကို ရုရှားက ထိန်းချုပ်ရမယ်လို့ ပူတင်က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာတော့ ပျက်စီးနေတဲ့ အဆောက်အအုံတွေနဲ့ စစ်ဒဏ်သင့်နေတဲ့ ကွန်စတန်တီနီဗ်ကာမြို့ရဲ့ နေရာတချို့မှာ ရုရှားနိုင်ငံတော်အလံ လွှင့်ထူထားတာကို တွေ့ရပါတယ်။

ရုရှားစစ်တပ်ဟာ ဒီမြို့ရဲ့ အစိတ်အပိုင်းတချို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အစောပိုင်းကတည်းက သတင်းထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးအတွင်း ရုရှားစစ်သေနာပတိချုပ် ဗာလရီ ‌ဂယ်ရာစီမော့ဗ်က ဆလိုဗီယန်း-ခရာမာတော့စ် - ကွန်စတန်တီနီဗ်ကာ ခံတပ်နယ်မြေထဲက ရန်သူ့အဓိက အမာခံစခန်းဖြစ်တဲ့ ကွန်စတန်တီနီဗ်ကာမြို့ကို ရုရှားတောင်ပိုင်းစစ်ဆင်ရေးအုပ်စုက သိမ်းပိုက်နိုင်ခဲ့တာလို့ တင်ပြခဲ့ပါတယ်။ 

ဒါ့အပြင် အခုအခါ လီမန်မြို့အနီးမှာ လမ်းပေါ်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးအရ ဗျူဟာမြောက်ပြီး မီးရထားလမ်းဆုံမြို့ကြီးဖြစ်တဲ့ အဲဒီလီမန်မြို့ကို သိမ်းပိုက်ဖို့လည်း လက်တကမ်းအလို ရောက်နေပြီလို့ ဆိုပါတယ်။

ဂယ်ရာစီမော့ဗ်ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဇွန်လတလတည်းမှာတင် ရုရှားတပ်တွေဟာ ကျေးရွာနဲ့ မြို့ပေါင်း ၂၉ ခုနဲ့ နယ်မြေ ၆၃၆ စတုရန်းကီလိုမီတာကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ယူကရိန်းဘက်ကတော့ ရုရှားသိမ်းလိုက်တဲ့ နယ်မြေတွေကို “ကြားနေဇုန်” ထဲ ရောက်သွားတယ်ဆိုပြီး သတင်းအမှားတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားပါတယ်။

ကွန်စတန်တီနီဗ်ကာမြို့ဟာ စစ်မဖြစ်ခင်က လူဦးရေ ၇၀,၀၀၀ နီးပါး ရှိခဲ့ရာကနေ အခုအခါ ၂၀၀၀ ဝန်းကျင်ပဲ ကျန်တော့ပြီး၊ အခုလို ထိန်းချုပ်လိုက်နိုင်တာကြောင့် အခုအခါ ရုရှားရဲ့ စစ်ဆင်ရေး ဗဟိုချက်ဖြစ်နေတဲ့ အဲဒီခံတပ်နယ်မြေတလျှောက် မြောက်ဘက်ကို ဆက်လက်ချီတက်ဖို့ ခြေကုပ်စခန်းတခု ရသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကတော့ ရုရှားစစ်သား အုပ်စုငယ်လေးတွေဟာ မြို့ဆင်ခြေဖုံးရပ်ကွက်တွေထဲအထိ ခိုးဝင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေဟာ ကွန်စတန်တီနီဗ်ကာမြို့ထဲအထိ ရောက်လာပြီဖြစ်လို့ အနီးကပ်တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ယူကရိန်းအဆင့်မြင့်တပ်မှူးတွေက ပြောထားဖူးပါတယ်။

၄ နှစ်ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာ ယူကရိန်းဟာ ဒိုးနက်စ်ဒေသရဲ့ ၅ ပုံ ၁ ပုံလောက်ကို အခုထိ ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ ရုရှားရဲ့ ကွန်စတန်တီနီဗ်ကာမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့ ကြေညာချက်အပေါ် ယူကရိန်းဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီအတောအတွင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်က အီရန်ရဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်နိုင်စွမ်းဟာ နျူကလီးယားလက်နက်တွေနဲ့ နှိုင်းယှဉ်နိုင်တယ်လို့ အီရန်ခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားမှာ ဇူလိုင် ၄ ရက်က ပြောလိုက်ပါတယ်။

ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ မက်ဗီဒက်ဗ်က “တကယ့် နျူကလီးယားလက်နက်တွေအစား အီရန်ဟာ တခြားလက်နက် တခုကို ပိုင်ဆိုင်ထားတယ်၊ နျူကလီးယားလက်နက်တိုက်ထက် မနည်းတဲ့ အစွမ်းထက်တဲ့ လက်နက်တခုက ဟော်မုဇ်ရေလက်ကြားဖြစ်တယ်”လို့ ပြောပါတယ်။ 

ရုရှားဟာ မကြာသေးမီနှစ်တွေအတွင်း အီရန်နဲ့ ပိုနီးကပ်လာပြီး နှစ်ဖက်စလုံးက စစ်ရေးနဲ့ သံတမန်ရေးဆိုင်ရာ ပံ့ပိုးမှုတွေကို အပြန်အလှန် ဖလှယ်ခဲ့ကြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013