DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ဆန်စျေးနှုန်း ထပ်မံမြင့်တက်
DVB
·
July 19, 2023
ပြည်တွင်း ဆန်စျေးနှုန်း ထပ်မံမြင့်တက်
Donate to DVB

သမိုင်းတလျှောက် အမြင့်ဆုံးရောက်နေတဲ့ ပြည်တွင်းဆန်စျေးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီနဲ့ UMFCCI လို အရပ်ဘက်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး အဖြေရှာနေပေမဲ့ အခုတပတ်မှာပဲ ဆန်ချောနဲ့ ဆန်ကြမ်းဈေးတွေ ထပ်မံ မြင့်တက်လာပြန်ပါတယ်။

ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်ချောစျေးနှုန်းတွေက သီတင်းတပတ်အတွင်း တအိတ်ကို ၁,၀၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်အကြား စျေးမြင့်လာပြီး ဆန်ကြမ်းဖြစ်တဲ့ ငစိန်ဆန်က တပတ်အတွင်း ငွေကျပ် ၂,၀၀၀ ကနေ ၃,၀၀၀ အကြား စျေးမြင့်တက်လာပါတယ်။

Export ဆန်ဖြစ်တဲ့ ဧည့်မထ ၂၅ မှတ် ဆန်ကြမ်းစျေးနှုန်းကလည်း တအိတ်ကို ၅၇,၀၀၀ ကနေ ၅၉,၀၀၀ ကြား ပေါက်စျေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် စျေးမြင့်လာတာကို ဆန်စပါးကုန်သည်အသင်းရဲ့ စျေးနှုန်းတွေအရ တွေ့ရပါတယ်။

“ဆန်စျေးကတော့ နည်းနည်း တက်ရိပ်ပြနေတယ်။ နှစ်စဉ် ဒီကာလက ဆန်အဟောင်းစျေးတွေ တက်ပါတယ်။ Export ဆန်ကတော့ ပို့ကုန်ရငွေ ၅၀/၅၀ မူဝါဒ အပြောင်းအလဲကြောင့် စျေးတိုးပေးဝယ်လာလို့ တက်တဲ့သဘောပါ” လို့ ဆန်ကုန်သည်တဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကနေ ၂ နှစ်ကျော်ကာလအတွင်း ပြည်တွင်းဆန်စျေးနှုန်းဟာ တဖြည်းဖြည်းနဲ့ နှစ်ဆနီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။

နှစ်သစ်ကူးသင်္ကြန်ကာလအပြီး နောက်ပိုင်း သိသိသာသာ တောက်လျှောက်မြင့်တက်လာတဲ့ ပြည်တွင်းဆန်စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက မူဝါဒမျိုးစုံ ချမှတ်ပြီး စျေးကွက်ကို ကြပ်မတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် UMFCCI လို အရပ်ဘက်အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးလည်း စျေးကွက်အပေါ် ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဆန်စပါးစျေးကွက်ကို ထိန်းကျောင်းနိုင်ဖို့ဆိုကာ ပြည်တွင်းမှာ ဆန်အိတ် ၁,၀၀၀ (တန်ချိန် ၅၀) အထက် သိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရမယ်လို့ ကန့်သတ်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ဆန်ဈေးနှုန်း ကြီးမြင့်နေတာကြောင့် ပြည်ပ ဆန်တင်ပို့ခွင့် လိုင်စင်အသစ် ချထားပေးမှုကိုလည်း ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

အဲဒီလို ကန့်သတ် ကြပ်မတ်ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ ဆန်ဈေးကို ထိန်းချုပ်မရ ဖြစ်နေပါတယ်။

နယ်စပ်က ဆန်တင်ပို့မှု ရငွေအပေါ် ကန့်သတ်ချက်တွေ လုပ်ဆောင်ခဲ့တာကြောင့်လည်း ကုန်သည်တွေ တွက်ခြေမကိုက်တဲ့အတွက် အများစုက တင်ပို့မှုတွေ ရပ်ဆိုင်းထားတဲ့အထိ အကြပ်တွေ့လာရကြောင်းလည်း နယ်စပ်ကုန်သွယ်‌ရေးလုပ်ကိုင်တဲ့ ဆန်ကုန်သည်တချို့ထံက သိရပါတယ်။

အခုနှစ်မှာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သန်းကျော်ထိ တင်ပို့နိုင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ရည်မှန်းထားပေမဲ့ တဖက်မှာလည်း ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်နေတာ၊ ပို့ကုန်ရငွေ ၅၀/၅၀ မူဝါဒ ရှိနေတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်နေတာ၊ စတဲ့အချက်တွေကြောင့် မြန်မာ့ဆန်ကို ပြည်ပတင်ပို့ရောင်းချရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ စျေးကွက်ယှဉ်ပြိုင်နိုင်မှု အားနည်းလာပြီး ဆန်တင်ပို့မှု မနှစ်ကထက် သိသိသာသာ လျော့ကျနေပါတယ်။

အခုဘဏ္ဍာနှစ် ဇွန်လကုန်အထိ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်း ၆ သောင်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး အရင်နှစ်နဲ့ယှဉ်ရင် ပြည်ပကိုတင်ပို့မှု ၅၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပါတယ်။

ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက ရရှိတဲ့ ပို့ကုန်ဝင်ငွေဟာလည်း ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၇၁ သန်း လျော့ကျခဲ့ပါတယ်။

ဆန်လုပ်ငန်းရှင်တဦးက “ဆန်တင်ပို့မှုကတော့ သိသိသာသာ ကျနေတယ်။ မူဝါဒပိုင်း အားနည်းတာနဲ့ ပြည်တွင်းစျေး မြင့်နေတာကြောင့် ပြီးခဲ့တဲ့နှစ် စံချိန်မီဖို့ ခက်ခဲနိုင်တယ်” လို့ ပြောပါတယ်။

အခုနှစ်မှာ နယ်မြေမတည်ငြိမ်မှုတွေနဲ့ သွင်းအားစု စျေးမြင့်တက်မှုတွေကြောင့် စပါးအထွက်နှုန်းကလည်း လျော့ကျနေပါတယ်။ အာရှဆန်စျေးကွက်မှာလည်း အယ်လ်နီညို ရာသီဉတုကြောင့် စပါးထွက်ရှိမှု ထိခိုက်မှာကို စိုးရိမ်ပြီး ဆန်ဝယ်ယူတင်သွင်းမှု မြင့်လာလို့ ၂ နှစ်တာအတွင်း စျေးအမြင့်ဆုံး ရောက်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ် ဆန်ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ် တင်ပို့မှုရဲ့ ၁၀ ရာခိုင်နှုန်းအောက်ထိ ကျဆင်းနေပေမဲ့ နယ်စပ်ကတဆင့် တရုတ်နိုင်ငံကို ဆန်တင်ပို့ရောင်းချဖို့ ယူနန်ပြည်နယ် အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013