
တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို ဘဏ္ဍာငွေကြေး ထောက်ပံ့မှုပေးနေပြီး စစ်လက်နက်တွေ ရောင်းချနေကြောင်း ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက ငြင်းဆို လိုက်ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ယူကေအခြေစိုက် Sky News သတင်းဌာနရဲ့ သတင်းထောက်က ပြည်တွင်းစစ် ဆိုးဆိုးရွားရွားဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံထဲမှာ ရောက်ရှိသတင်းရယူနေတဲ့ အဖွဲ့သားတွေဆီကနေ ပေးပို့လာတဲ့ သတင်းတွေအရ မြန်မာစစ်အာဏာရှင်တွေဟာ အာဏာသိမ်းယူပြီးနောက် အရပ်သားတွေကို တိုက်ရိုက်ပစ်မှတ်ထား သတ်ဖြတ်နေတာတွေ အပါအဝင် ကိုယ့်နိုင်ငံသားတွေအပေါ်မှာ အနိုင်ကျင့် အကြမ်းဖက်နေတာတွေကို မယုံနိုင်လောက်စရာ သက်သေအထောက်အထား အများအပြားရရှိခဲ့ကြောင်း၊ ဒီလိုအခြေအနေမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပြီး ချင်ဂန်း (နိုင်ငံခြားရေးဝန်ကြီး) အပါအဝင် တရုတ်ထိပ်တန်းအရာရှိတွေက စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေကြောင်း၊ ဒါ့အပြင် တရုတ်ဟာ မြန်မာနိုင်ငံကို လက်နက်တွေရောင်း ချနေပြီး ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ် အာဏာရှင်တွေကို ဘဏ္ဍာရေး ထောက်ပံ့ကူညီနေတယ်လို့ ကုလသမဂ္ဂစွပ်စွဲထားတာ တွေ့ရကြောင်း ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲလို့ မေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ မောင်နင်းက “ရှင်ပြောတဲ့ ထုတ်ပြန်ချက်ကို ကျမဖတ်လည်း မဖတ်ဖူးသလို၊ သူ့ရဲ့ သတင်းရင်းမြစ်က မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကိုလည်း ကျမ မသိပါဘူး။ မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှုမရှိပဲ ရှင်းရှင်းလင်းလင်းရှိပါတယ်။ မြန်မာ့အရေးမှာ မြန်မာနိုင်ငံရဲ့ အမြင်အယူမတူကြတဲ့ အဖွဲ့ကွဲတွေအားလုံးဟာ နိုင်ငံနဲ့ နိုင်ငံသားတို့ရဲ့ ရေရှည်အကျိုးကို ကြည့်ပြီး ရှေ့ဆက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အခြေခံဥပဒေ မူဘောင်ထဲကနေ တရားဝင် နိုင်ငံရေးဆွေးနွေးမှုဆောင်ရွက်ခြင်းအားဖြင့် ပဋိပက္ခတွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးကိုလည်း အမြန်ဆုံးရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါတွေဟာ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုအနေရဲ့ မြန်မာ့အရေးအပေါ် တရုတ်နိုင်ငံရဲ့ ယူဆချက်ပါတယ်။ မြန်မာ့အရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာလည်း မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်စေရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုပြန်လည်သင့်မြတ်ရေးမှာ ပိုမိုတိုးတက်လာစေရေး၊ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာခြင်း မရှိစေရေး တို့အတွက် အထောက်အပံ့ဖြစ်ဖို့လိုတယ်လို့ ကျမတို့က ယုံကြည်လက်ခံထားပါတယ်။ ဒါဟာ မြန်မာ့အရေးမှာ တရုတ်ရဲ့ ချဉ်းကပ်မှုပုံစံပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် တရုတ်က မြန်မာကို စစ်လက်နက်တွေရောင်းချပေးနေတယ်ဆိုတဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ စွပ်စွဲချက်တွေဟာ လွဲမှားနေတယ်လို့လည်း တရုတ်ဘက်က တုံ့ပြန်ပါတယ်။
မစ္စမောင်နင်းက “ရှင် ခုနကပြောတဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို ရည်ညွှန်းတာဆိုရင်တော့ အထူးကိုယ်စားလှယ်ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်လွန်ပြီး လုပ်ဆောင်နေတယ်လို့ ကျမက ထောက်ပြချင်ပါတယ်။ အဲဒီအစီရင်ခံစာမှာ လွတ်လပ်တဲ့ နိုင်ငံအချင်းချင်းကြားက သာမန်လက်နက်ရောင်းဝယ်မှုကို နာမည်ဆိုးတပ်ထားပြီး အချက်အလက်တွေကိုလည်း လွဲမှားစွာ ဖော်ပြထားပါတယ်။ အဲဒီစွပ်စွဲချက်ကို တရုတ်က ခိုင်ခိုင်မာမာ ကန့်ကွက်ငြင်းဆိုပါတယ်။ အချက်အလက်တွေကို ဘက်လိုက်ခြင်းမရှိဘဲ မှန်မှန်ကန်ကန် ဖော်ပြဖို့၊ သူ့ရဲ့ တာဝန်ကိုလည်း တိတိကျကျ လိုက်နာဖို့နဲ့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းစဉ်တွေအပေါ် လူတွေရဲ့ယုံကြည်မှု မထိခိုက်စေရေးအတွက် နိုင်ငံရေးရည်ရွယ်ချက်တစ်ခုခုအောက်ကနေ အလုပ်မလုပ်ဖို့ ကျမတို့ တောင်းဆိုထားပါတယ်” လို့ ပြောပါတယ်။
Sky News ဟာ လန်ဒန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်ပြီး သူ့ရဲ့သတင်းထောက်တွေကိုယ်တိုင် မြန်မာနိုင်ငံထဲကို သွားရောက် လျှို့ဝှက်သတင်းရယူခဲ့ကာ မြန်မာစစ်ကောင်စီတပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု သက်သေအထောက်အထား ရုပ်သံတွေ၊ ဓာတ်ပုံတွေနဲ့ သတင်းတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ထုတ်လွှင့်တင်ပြနေတာ ဖြစ်ပါတယ်။
Photo-FMPRC










