စက်သုံးဆီချွေတာဖို့ စစ်ကောင်စီက ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ ထောက်ပံ့မှုမပေးနိုင်ပါက Work From Home အစီအစဥ်က အောင်မြင်မှာ မဟုတ်ဘူးလို့ ဝန်ထမ်းတွေက ဝေဖန်ပြောဆိုကြပါတယ်။
စစ်ကောင်စီက မတ် ၂၅ ရက်ကစပြီး အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဝန်ထမ်းတွေအနေနဲ့ ရုံးဌာနတွေကို မသွားဘဲ နေအိမ်ကနေ ရုံးလုပ်ငန်းတွေလုပ်ကြဖို့ မနေ့ညက ကြေညာခဲ့ပေမဲ့ Work From Home လုပ်ဖို့ မလွယ်ကူဘူးလို့ ထွေအုပ်နဲ့ နီးစပ်သူတဲ့သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ကြိုတင်ပြင်ဆင်မှုမရှိဘဲ Work from Home လုပ်တာ အဆင်ပြေမှာမဟုတ်ဘူး။ Digital စနစ်ကို အခြေခံထားတာမဟုတ်တော့ အရေးကြီးတဲ့ စာရွက်စာတမ်း တံဆိပ်တုံးထုတဲ့ ကိစ္စမျိုးတွေမှာ ရုံးကိုပြန်သွားရမှာ။ မီးကပုံမှန်မလာ၊ အင်တာနက်အခက်အခဲတွေ၊ ရုံးပိုင်းဆိုင်ရာ ပစ္စည်းတွေလည်း မရှိတော့ ရေတိုဆို ပြဿနာမရှိပေမဲ့ ရေရှည်သွားမယ်ဆို အစိုးရက ထောက်ပံ့မှု့မရှိရင် Work from Home အစီအစဥ်က အောင်မြင်မှာမဟုတ်ဘူး။”
နေပြည်တောင်ကောင်စီနယ်မြေ ဝန်ထမ်းအိမ်ရာတွေမှာ အလှည့်ကျမီးပေးစနစ်နဲ့ အင်တာနက်ချို့ယွင်းမှု ပြဿနာတွေကြောင့် နေအိမ်ကနေ အလုပ်လုပ်ဖို့ မလွယ်ကူကြောင်း လဝက နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မီးမှန်ပြီး အင်တာနက်လည်းကောင်းနေရင် အိမ်က အလုပ်ပေးရတာ ပြဿနာမရှိဘူး။ နေပြည်တော်မှာလည်း မီးက အလှည့်ကျစနစ်ဆိုပေမဲ့ လာချင်လာတယ်၊ မလာချင်ဘူး။ အင်တာနက်လိုင်းက Wifi မကောင်းလို့ ဒေတာ နဲ့ ပြောင်းသုံးရင်တောင် အဝိုင်းက လည်နေတာ။ ဒီကြားထဲ VPN ပါ ခံနေရတော့ ရေရှည်ဆိုရင်တော့ အဆင်မပြေဘူး။”
နေအိမ် အလုပ်လုပ်ရာမှာ အကြီးမားဆုံးပြဿနာက လူမှုကွန်ရက်ပေါ် Group ဖွဲ့ပြီး ဌာနအတွင်း အရေးကြီးအစည်းအဝေးတွေနဲ့ စာရွက်စာတမ်းကိစ္စတွေကြောင့် ဖြစ်လာမယ့် သတင်းပေါက်ကြားမှု ပြဿနာကို ကာကွယ်နိုင်ဖို့ မလွယ်ဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“၂၀၂၂ ကိုဗစ်ဖြစ်တုန်းကလည်း စစ်တပ်က အခုလိုပဲ စီစဥ်ခဲ့သေးတယ်။ လိုင်းပေါ်ကနေ ရုံးအလိုက် group တွေဖွဲ့ပြီး မီတင်တွေလုပ်တာ။ ညွှန်ကြားချက်တွေ ထုတ်ပြန်တာလုပ်တယ်။ အဲကနေ သတင်းတွေပေါက်ကြားတာ။ စာရွက်စာတမ်းတွေ အပြင်ရောက်တာလည်းရှိတယ်။ ပိုဆိုးတာက group ထဲမှာ ဝန်ထမ်းအယောင်ဆောင်ပြီး ငွေလိမ်တဲ့ ပြဿနာအဆိုဆုံးပဲ။ ဒါကို ဘယ်သူမှတာဝန်ယူ မဖြေရှင်းပေးနိုင်ဘူး။”
မနေ့ညက ထုတ်ပြန်ချက်ထဲမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ပုဂ္ဂလိက အလုပ်ဌာနတွေကိုလည်း (work from home) လုပ်ဖို့ စစ်ကောင်စီက တိုက်တွန်းထားသလို ယာဥ်တွေကိုလည်း တပတ်ကို တကြိမ် ဒါမှမဟုတ် ၂ ကြိမ်သာ ရောင်းချပေးသွားတော့မယ်လို့ ကြေညာထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မတ် ၃ ရက်မှာ စစ်ကောင်စီက စုံမစနစ်ကို သတ်မှတ်ခဲ့ပြီး စက်သုံးဆီခွဲတမ်းကို QR နဲ့ စကန်ဖတ်ပြီး ရောင်းချဖို့ ညွန်ကြားခဲ့ပေမဲ့ ဆီဆိုင်တွေမှာ ဝှီးတက် QR ကုတ်ကို စကန်ဖတ်မရလို့ ဆီမထုတ်ရတဲ့ ပြဿနာတွေကို အခုချိန်ထိ ရင်ဆိုင်နေရပါတယ်။











