ပဲခူးတိုင်း၊ ကျောက်တံခါးမြိုနယ်မှာ ဇူလိုင် ၁၈ ရပ်ည ၁၂ နာရီဝန်းကျင်က လှည်ကင်းလှည့်လာတဲ့ ဒုရဲမှူးအဖွဲ့နဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး ရဲနှစ်ဦးနဲ့ အမျိုးသားနှစ်ဦး သေဆုံးကာ ရဲတဦး ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ည ၁၂ နာရီဝန်းကျင်က လှည့်ကင်းလှည့်ပြီးပြန်လာတဲ့ ကျောက်တံခါးမြို့မရဲစခန်းမှ ဒုရဲမှူး အဖွဲ့နဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တို့ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တိုင်အမှတ် ၁၀၃-၅ တံတားအမှတ် ၄-၁၀၂ မှာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဲတွေက တံတားမှာ လူသုံးယောက်တွေ့လို့ ရပ်လို့ပြောတဲ့အချိန် နောက်ထပ်လူတွေထွက်လာပြီး ပစ်တာ ရဲနှစ်ဦး သေတယ်၊ တဦး ဒဏ်ရာရတယ်၊ အရပ်ဝတ်နဲ့အမျိုးသားနှစ်ဦး သေတယ်။”
ရန်ကုန်-မန္တလေး လမ်းဟောင်း တံတားအမှတ် ၄-၁၀၂ ဖြစ်စဥ်မှာ ရဲတပ်သားလင်းလင်းထိုက်၊ ရဲတပ်သား အောင်ကျော်ထက်နဲ့ အမျိုးသားနှစ်ဦး သေဆုံးပြီး ရဲတပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရပ်ဝတ်နဲ့နှစ်ယောက်ထဲက တယောက်က KTV ပိုင်ရှင်လို့ ကြားတယ်။ ဒဏ်ရာရတဲ့ ရဲတယောက်လည်း အခြေအနေမကောင်းဘူး။"
လက်တလောမှာ ကျောက်တံခါးမြို့အဝင်ဂိတ်နဲ့ မိုင်တိုင်အချို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေပြီး အင်အားတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၇ ရက် နေ့လယ် ၁ နာရီခွဲကလည်း ကျောက်တံခါးမြို့နယ်မှာ စီမံအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနဲ့ ဗောဓိကွင်းရွာအုပ်ချုပ်ရေးမှူးသူရ တို့နှစ်ဦးကို Bago Region PDF က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။