DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အခြေခံစားသောက်ကုန်နှင့် ‌ဆေးဝါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ
DVB
·
July 18, 2023
ရန်ကုန်တွင် အခြေခံစားသောက်ကုန်နှင့် ‌ဆေးဝါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ
Donate to DVB

ရန်ကုန်မှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆေးစတဲ့ ကုန်ပစ္စည်းတွေက ဈေးတွေ ဆက်တိုက် မြင့်တက်နေတယ်လို့ ရန်ကုန်က ပြည်သူတွေက ပြောပါတယ်။ 

အဓိက စားကုန်ဖြစ်တဲ့ ဆန်က ဧည့်မထ (ဆန်ကြမ်း) တအိတ်ကို အရင်က ၅ သောင်းခွဲ ၆ သောင်းလောက်ကနေ အခုဆို ၉ သောင်းနီးပါးရှိနေပြီး ရွေဘိုပေါ်ဆန်း (ဆန်အချော) ၇ သောင်းခွဲတန် တအိတ်က အခုဆို တစ်သိန်းခွဲနီးပါးအထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

နေ့စဉ် စားသောက်ကုန်တွေအပြင် ကျန်းမာရေးအတွက် ဆေးကုသစရိတ်တွေကလည်း မြင့်တက်နေတယ်လို့ ရန်ကုန်မြို့ခံ ပြည်သူတယောက်က ပြောပါတယ်။

“အဓိက စားသောက်ကုန်ဖြစ်တဲ့ ဆန်ကတော့ အဆမတန်ကို ဈေးတက်သွားတာပေါ့နော်။ အရင်က တအိတ်ကို ၈ သောင်း ၉ သောင်း လောက်ကို တော်တော်ကောင်းကောင်းရတဲ့ ဆန်တွေက အခုဆို ၁ သိန်းခွဲလောက်ထိကို ပေးရတယ်ပေါ့။ ဆီကလည်း ဈေးက မငြိမ်ပါဘူး။ တရိပ်ရိပ်တက်လိုက်၊ နည်းနည်းလေးပြန်ကျလိုက်ပေါ့။ ပြန်ကျတယ်ဆိုတာ အရမ်းကိုနည်းပါတယ်။ ကြက်ဥကတော့ ပြောမနေနဲ့ အရင်က တလုံး ၁၀၀ လောက်ကို အခုဆို တလုံး ၃၀၀ လောက်ကိုပေးဝယ်နေရတယ်။ ဖျားတဲ့နာတဲ့အခါမှာလည်း ဆေးခန်းတွေက အရင်ကဆို သုံးလေးထောင်၊ ငါးထောင်လောက်ပဲ ကုန်ပေမယ့် အခုဆို အနည်းဆုံး တစ်သောင်း၊ တစ်သောင်းခွဲလောက်ကုန်ပါတယ်။” 

အခုလို ကုန်ဈေးနှန်ူးတွေက အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တွေကထက် ၂ ဆကျော်လောက် မြင့်တက်လာတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

လက်ရှိ စားအုန်းဆီက ၁ ပိဿာကို ၉ ထောင်ဈေးဖြစ်နေပြီး ပဲဆီရိုးရိုးက ၁၄,၀၀၀ ကျပ်နဲ့ ပဲဆီရှယ်ဆို ၁၆,၀၀၀ ကျပ်အထိ ဈေးတွေ မြင့်တက်နေတဲ့အပြင် သားငါးဈေးတွေကလည်း နေ့စဉ် ပြောင်းလဲမြင့်တက်နေပါတယ်။

နာမကျန်းဖြစ်သူတွေနဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ မိသားစုတွေအတွက်ကတော့ နေ့စဉ် စားသောက်ကုန်စည်တွေအပြင် ဆေးဝါးနဲ့ဖြည့်စွက်စာတွေကပါ ဈေးမြင့်တက်လာတဲ့အတွက် အရင်ကထက် အများကြီး ခြိုးခြံနေရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။

“ကုန်ဈေးနှုန်းကတော့ တော်တော်တက်တယ်။ တနေ့ တနေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတောင် မတူဘူး။ အရင်တုန်းက ကော်ဖီတထုတ်မှာ ၃ ထောင်ကျော်လောက်ရှိတာကနေ အခုဆို ၆၆၀၀ တချို့ဆိုင်ဆို ၆၈၀၀။ အသားငါးဈေးဆို မကြားဖူးတဲ့ဟာတွေ ဘာမှမဟုတ်တဲ့ ငါးသေးသေးလေးတွေတောင်မှ အနည်းဆုံး ၁၅၀၀ ဈေးဝယ်ရတယ်။ ကကတစ်တို့ဘာတို့ဆို ၃၅၀၀၊ ငါးသလဲထိုးဆို ၄၅၀၀ ဈေးတွေ။ အရင်တုန်းက ၃၀ သား ၅၀ သားဝယ်မယ့်သူက အခုဆို တစ်ဆယ်သားဝယ်ဖို့ကို တော်တော်ကို တွန့်နေရတဲ့ အခြေအနေပေါ့နော်။ တော်တော်ကြီးကို ခြိုးခြံချွေတာနေရတယ်ပေါ့။ ဆေးတွေလည်းတက်တယ်၊ အရင်တုန်းကဆို တစ်သောင်းနဲ့ ဝယ်ရတဲ့ဟာက အခုဆို သောင်းခုနှစ်ထောင့်ငါးရာ။ နောက် အားဆေးဆိုလည်း အရင် ၇ ထောင် ၈ ထောင် ရှိတဲ့ဟာက သောင်းတစ်ထောင်ပေးခဲ့ရတယ် တစ်လစာမဟုတ်ဘူးနော် ဆယ်လုံးတကတ်ဈေးပါ။”

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေ မျှဝေကူညီပေးနေတဲ့ Trading Economics အဖွဲ့က ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်း ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ၂၀၂၃ ခုနှစ်စာရင်းအရကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ၂၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်းပါဝင်နေပြီး အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ် ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013