DVB Logo
Home
နိုင်ငံတကာ
ပုတ်ခတ် လှုံ့ဆော်သူအားလုံးကို တရားစွဲမည်ဟု ထိုင်းအထက်လွှတ်တော်အမတ်များ ကြေညာ 
DVB
·
July 17, 2023
ပုတ်ခတ် လှုံ့ဆော်သူအားလုံးကို တရားစွဲမည်ဟု ထိုင်းအထက်လွှတ်တော်အမတ်များ ကြေညာ 
Donate to DVB

ရွေးကောက်ပွဲအနိုင်ရ MFP လိမ္မော်ရောင်ပါတီခေါင်းဆောင် ထိမ်းဖိထားကို ဝန်ကြီးချုပ် ဖြစ်အောင် ထောက်ခံမဲ မပေးခဲ့ကြတဲ့ အထက်လွှတ်တော်အမတ်တွေဟာ လူမှုကွန်ရက်မှာရော မြေပြင်မှာပါ ဆန္ဒပြကန့်ကွက်မှုတွေနဲ့ ကြုံရေရလို့ အထိနာနေပါတယ်။ 

ကစားကွင်း၊ စားသောက်ဆိုင်၊ ဈေးဆိုင် နဲ့ ဝန်ဆောင်မှုလုပ်ငန်းအချို့က အထက်လွှတ်တော် အမတ်တွေနဲ့ သူတို့ရဲ့ မိသားစု သားသမီးမြေးမြစ်တွေကို ဝန်ဆောင်မှုမပေးဘူးလို့ ကြေညာခဲ့သလို အချို့ကလည်း သူတို့ကားနောက်မှာ ကန့်ကွက်စာ သင်္ကေတတွေ ရေးသားဖော်ပြပါတယ်။ အချို့ကလည်း သူတို့ကိုယ်ပိုင်လူမှုကွန်ရက်မှာ ဝေဖန်ဆဲဆိုတာတွေ၊ သရော်တာတွေ လုပ်ခဲ့ ပါတယ်။ 

အသုဘခေါင်းရောင်းတဲ့ နေရာတခုကတော့ အထက်လွှတ်တော်အမတ်နဲ့ မိသားစုတွေကို ဘယ်သူမှ လက်မခံပေမယ့် သူ့ဆိုင်ကတော့ လိုလိုလားလားလက်ခံတယ်၊ ပရိုမိုးရှင်းအနေနဲ့  အခေါင်းအပိုထည့်ပေးမယ်လို့  ကြေညာပါတယ်။ 

ဒါ့အပြင် အထက်လွှတ်တော်အမတ်တွေနဲ့တကွ သူတို့သားသမီးတွေ ဖွင့်လှစ်ထားတဲ့ ဆိုင်၊ သူတို့ ရှယ်ယာပါတဲ့ဆိုင်တွေ အားမပေးဖို့နဲ့ မယားငယ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေကို ရှုတ်ချကြောင်း လူမှုကွန်ရက်မှာ  Hashtag တွဲပြီး စည်းရုံးလှုံ့ဆော်နေပါတယ်။ 

ဘန်ကောက်နဲ့ အခြားခရိုင်တွေမှာလည်း MFP ပါတီကို ထောက်ခံအားပေးသူတွေ၊ ဒီမိုကရေစီဘက်တော်သားတွေ  လူစုလူဝေးနဲ့ ဆန္ဒပြပြီး  အထက်လွှတ်တော်အမတ်တွေဟာ ပြည် သူ့ ဘဏ္ဍာငွေနဲ့ လစာစားပြီး ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောဖို၊ လာမယ့် ဇူလိုင် ၁၉ ရက် ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ MFP ပါတီဥက္ကဋ္ဌ ဖိထားကို မဲပေးဖို့၊  မဲမပေးနိုင်က အထက်လွှတ်တော်အမတ်အားလုံး နုတ်ထွက်‌ပေးဖို့ တောင်းဆိုနေကြပါတယ်။ 

အခုလို ဆန္ဒပြကန့်ကွက် ဝေဖန်ခံနေရတာတွေနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အမတ်တွေနဲ့ မိသားစုဝင်တွေဟာ စီးပွားရေးမှာရော၊ လူမှုရေးမှာပါ နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တေဖန်ပုတ်ခတ်ပြောဆိုနေသူတွေ အထူးသဖြင့်  ရှေ့နေတွေနဲ့  အနောက်ကနေ ကြိုးကိုင်လှုံ့ဆော် အားပေးနေတဲ့ နိုင်ငံရေးပါတီကို တရားစွဲပြီး အသရေဖျက်မှု၊ ကွန်ပျူတာဥပဒေတွေနဲ့ အရေး ယူသွားမယ်လို့  နိုင်းဆေရီ ဆုဝမ်းနဖားနွန်း ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ်တွေက  ဒီက နေ့ မနက် ၁၁ နာရီမှာ သတင်းစာရှင်းပြီး ထုတ်ပြန်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဝန်ကြီးချုပ်ရွေးပွဲမှာ သူတို့အနေနဲ့ လွှတ်တော်ဥပဒေအတိုင်း လုပ်ဆောင်ခဲ့တယ်၊ ဒါပေမယ့် ထင်သလိုအရွေးမခံရတော့ အမြင်မတူတဲ့တဖက်သားကို  ပြစ်တင်ရှုတ်ချတယ်၊ အဆိုပါ နိုင်ငံရေးပါတီဟာ လူထုကိုအသုံးချပြီး အထက်လွှတ်တော်အမတ်တွေကို တိုက်ခိုက်တယ်၊ သူတို့ သားသမီးမြေးမြစ်တွေဟာ အသိုက်အဝန်းမှာ ဖယ်ကြဉ်ခံရတယ်၊ အနုပညာသမားတွေ လည်း လုပ်ကိုင်စားသောက်လို့မရဘူး၊ သူတို့စီးပွားရေးတွေ ဘတ်သန်းနဲ့ချီထိခိုက်တယ်၊ သူပိုင်တဲ့ ဆေရီဈေးကြီးဆိုရင် ရောင်းဝယ်လို့မကောင်းတော့ဘူး၊ နောက်ကုမ္ပဏီတခုဆိုရင် အလုပ်သမား တဝက်ကျော်ဟာ ကောက်ကလိုင် MFP ပါတီကို မဲပေးခဲ့ပေမယ့် ကုမ္ပဏီစီးပွားရေးထိပါးတော့ အလုပ်သမားတွေပါ ထိခိုက်တယ်၊ အဲဒီပါတီဟာ AI နည်းပညာ ကိုသုံးပြီး ကျနော်တို့ အမတ်တွေရဲ့ စီးပွားရေးလူမှုရေးဝက်ဆိုက်တွေကို ဟက်ကာလုပ်တာရှိတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် သူတို့ကို ပုတ်ခတ်ပြောဆိုသူတွေအားလုံးကို ရာဇဝတ်မှုနဲ့ရော၊ တရားမမှုနဲ့ပါ တရားစွဲဖို့ ရှေ့နေအဖွဲ့ဖွဲ့ထားကြောင်း၊ ဒီနေ့မနက်မှာလည်း ရှေ့နေ ၂ ယောက်က တလိန်ချန်းရဲစခန်းမှာ အမှုဖွင့်ခဲ့ကြောင်း၊ ဆက်ပြီးတော့လည်း ပေ့ချ်ထောင်ထားသူတွေ၊ ကိုယ်ပိုင်ပေ့ချ်ကနေ ပုတ်ခတ်နေသူတွေကို ဖော်ထုတ်သွားပြီး အရေးယူမယ်လို့  သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

တဘက်မှာလည်း   ဖိထားကို ထောက်ခံမဲပေးခဲ့တဲ့ အမျိုးသမီးအထက်လွှတ်တော်အမတ် ပဖားဆီ လောဝ်ဖိပေ့က် ဆိုသူကတော့ သူမဟာ ပြည်သူဘက်က ရပ်တည်ပြီး ထိမ်းဖိထားကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးခဲ့ပြီးတဲ့နောက်ပိုင်း သွားလေရာမှာ မျက်နှာပွင့်ခဲ့ကြောင်း၊ လေဆိပ်မှာ ဝန်ထမ်းတွေ အထူးအလေးပေးတာခံရသလို ဆေးရုံသွားတော့လည်း သူနာပြုတွေ အရမ်းဂရုစိုက်တယ်၊ ဂုဏ်ယူစွာနဲ့ ဓာတ်ပုံအတူရိုက်တယ်၊ မနက် လေ့ကျင့်ခန်းလမ်းလျှောက်ထွက်တော့ တွေ့သူတိုင်း နှုတ်ဆက်ကြတယ်၊ မင်္ဂလာဆောင်ပွဲသွားတော့ သိသူရော မသိသူပါ လာနှုတ်ဆက်တယ်၊ ကျေးဇူးတင်တယ်၊ ဓာတ်ပုံတောင်းရိုက်တယ်လို့ သူမရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ပွဲမှာ တနိုင်ငံလုံး ဆန္ဒမဲအများဆုံးရထားတဲ့ MFP ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ကို ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ မဲပေးခဲ့ကြပေမယ့်  လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်က ခန့်ထားခဲ့တဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ဦးထံမှ ထောက်ခံမဲ ၁၃ မဲသာရခဲ့လို့  ရွေးကောက်ပွဲ မအောင်မြင်ခဲ့ပါဘူး။ 

လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ဒုတိယတကြိမ် ထပ်မံရွေးချယ်တင်မြှောက်ဖို့ဖြစ်ပြီး   ဒီတကြိမ်မှာ မအောင်မြင်ရင်တော့ မိတ်ဖက်ပါတီထဲက ဆန္ဒမဲဒုတိယအများဆုံးရထားတဲ့ ဖွေ့ထိုင်း ပါတီအနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်သွားဖို့ လမ်းဖယ်ပေးမှာဖြစ်ကြောင်း MFP ပါတီ ခေါင်းဆောင် ထိမ်းဖိထားက ပြီးခဲ့တဲ့ စနေနေ့က သူ့ကိုယ်ပိုင်လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။ 

ကိုးကား - Sanook/VoiceTV

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013