DVB Logo
Home
မြန်မာသတင်း
ဘီးလင်းနှင့် ဘားအံတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ နှစ်ကရင်ဒေသခံ ၂ ဦး ဖမ်းဆီးခံရ
DVB
·
July 17, 2023
ဘီးလင်းနှင့် ဘားအံတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ နှစ်ကရင်ဒေသခံ ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အပိုင် ဒေါက်ရက်ကျေးရွာအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တောကျီးကန်းစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၆ ရက် မနက် ၆ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောကျီးကန်းစစ်ကြောင်းနဲ့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတဦးက “ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ် အင်အား ၂၀ ဝန်းကျင်လောက်ကို မနက်က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က အထိအခိုက် ကျဆုံးတာတွေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီကင်းပုန်းသမားတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပြီး ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပူးပေါင်းအဖွဲ့ကရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းမှာလည်း ကျုံအိတ်တံတား ပြင်ဆင်နေတဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ၇၉ ဗုံးသီး ၄ လုံးနဲ့ ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဘားအံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၄ ညောင်ကုန်းစခန်းကိုလည်း ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီခွဲလောက်မှာ အမှတ်-၁ မိတ်ဘက်တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့ဝင်တွေက အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ကုန်းစခန်း တိုက်ခိုက်မှုအတွင်း BGF တပ်ဖွဲ့ဝင် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ် ၁ မိတ်ဘက်တော်လှန်ရေးတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF ၁၀၁၄ ညောင်ကုန်းစခန်းဟာ အပြစ်မဲ့ပြည်သူတွေကို ခေါ်ယူခြိမ်းခြောက်တာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေအတွင်း ပစ်ခတ်ပြီး ဒေသခံလူထုကို ခြိမ်းခြောက် အနိုင်ကျင့်နေတဲ့တပ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၆ ရက်ကစတင်ပြီး စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

အဲဒီလမ်းမှာ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေစဥ်အတွင်း ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ အတူသွားလာတာ၊ အနီးမှာနေထိုင်တာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

အဲဒီကားလမ်းက စစ်ကောင်စီတပ်တွေ သစ်မှောင်ခိုထုတ်တဲ့ ဝင်ငွေလမ်းဖြစ်တာကြောင့် ပဲခူးရိုးမထဲက သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေကို ထိန်းသိမ်းဖို့ အခုလို တားမြစ်တာလို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက ပြောပါတယ်။

မွန်ပြည်နယ်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်းနဲ့ ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်မှာ စကစနဲ့ တောကျီးကန်းစစ်ကြောင်း၊ KNLA ပူးပေါင်းစစ်ကြောင်းတို့ နေ့စဥ်လိုလို တိုက်ပွဲဖြစ်နေတာကြောင့် မိဘပြည်သူတွေ သတိနဲ့ သွားလာကြဖို့၊ သက်ဆိုင်ရာ စစ်တိုင်းဒေသတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊  နှစ်ကရင်ကျေးရွာက ရွာသားနှစ်ဦးကို လက်နက်ကိုင်ဆောင်မှု၊ PDF အဖွဲ့ကို ဆက်သွယ်မှုတို့နဲ့ ဇွန် ၁၆ ရက်က သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ ဖမ်းဆီး အရေးယူထားတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ ဝက်သားသတ်လုပ်ငန်းလုပ်ကိုင်တဲ့ ပိုင်ရှင် ရဲနိုင်ဦးဟာ PDF အဖွဲ့တွေကို ကူညီထောက်ပံ့ပေးမှု၊ ပစ္စတိုလက်နက်ကိုင်ဆောင်မှု၊ အလုပ်သမား သိန်းခင်ကတော့ PDF အဖွဲ့မှာ ပါဝင်ပူးပေါင်းတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ရွာမှာက စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒေသခံရွာသားတွေ အများစုက နီးစပ်ရာ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်မြို့ဘက်ကို ပြောင်းရွှေ့သွားကြတယ်။ စစ်တပ်ကလည်း အခု ရွာအိမ်မှာ လာပြန်နေကြဖို့ ဖိအားပေးပြီး ပြန်ပေးနေခိုင်းကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

နှစ်ကရင်ကျေးရွာဟာ ရေးမြောက်ပိုင်းဘက်မှာပါဝင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အကြားမှာ စစ်ရေးတင်းမာနေတာကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013