DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အမည်သုံးပြီး စစ်ကောင်စီမဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့် 
DVB
·
July 17, 2023
ဒေါ်အောင်ဆန်းစုကြည်အမည်သုံးပြီး စစ်ကောင်စီမဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့် 
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံမှုကို အသုံးချပြီး  PDF တွေ လက်နက်ချလာအောင်  စစ်ကောင်စီက မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်နေတယ်လို့ မန္တလေးဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၁၅ ရက်မနက်က မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ စစ်သင်တန်းဆင်း   PDF အမျိုးသား ရှစ်ယောက်ကို မိဘထံအပ်နှံပွဲ ကျင်းပခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ခြင်းမရှိတဲ့ စကားတွေကို စစ်ကောင်စီက ပြောခိုင်းပြီး သတင်းမှားတွေကို ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသားရှစ်ယောက်ဟာ အမရပူရမြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်အတွင်းမှာ နေထိုင်ပြီး ချမ်းအေးသာစံမြို့နယ် နယ်မြေတပ်ရင်းကိုဆက်သွယ်ပြီး အလင်းဝင်ခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"အလင်းဝင်တာက ပြဿနာမဟုတ်ဘူး။ အလင်းဝင်လာတဲ့ကလေးတွေကို  သင်ပေးနေတာက ပြဿနာ၊ အကြောင်းအမျိုးမျိုးကြောင့် အလင်းဝင်တယ်ဗျာ။ ဒါကို နိုင်ငံရေးခုတုံးလုပ်ပြီး ဆိုက်ဝါးထည့်တာမျိုး။ ဒေါ်စုက ပြောလိုက်လို့  အလင်းဝင်သွားတယ်ပေါ့ "လို့ ပြောပါတယ်။

ကေအိုင်အေ စစ်သင်တန်း အပတ်စဥ် ၈ ဆင်း ကိုကောင်းမြတ်သူက   "ကျနော်တက်ရောက်တုန်းကတော့ အမေစုလွတ်မြောက်ဖို့အတွက်သွားရောက်ခဲ့ပါတယ်။ ဟိုနေ့ကမှ သိတာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးချုပ်နဲ့  အမေစုတွေ့တာ၊ အမေစုက ထိုင်းနိုင်ငံခြားရေးဝန်ကြီးချုပ်ကို NUG ၊ PDF၊ CRPH ကို သူဖွဲ့စည်းထားတာမဟုတ်ဘူး။ သူမသိရပါဘူးလို့ ကျနော်တို့ကြားသိရတယ်။ အဲ့အချိန်မှာ ကျနော်တို့ လုပ်နေတဲ့ လုပ်ရပ်တွေဟာ သဲထဲသွန်သလိုဖြစ်နေတယ် အလကားဖြစ်သွားတယ်။ ဒါကြောင့်အလင်းလာဝင်တာဖြစ်ပါတယ် "လို့ စစ်ကောင်စီ ဝါဒဖြန့်ရုပ်သံမှာ ပြောဆိုထားပါတယ်။

နောက်ထပ်လူငယ်တဦးကလည်း “ ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံရတဲ့အတွက် ကျနော် ကေအိုင်အေ အပတ်စဉ် ၄ မှာ သင်တန်းတက်ခဲ့ပါတယ်ခင်ဗျ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့တဲ့အချိန်မှာ၊  ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ CRPH ကို မထောက်ခံဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဲဒါကြောင့် ဒီအလုပ်ကို ကျနော်ဆက်လုပ်ဖို့ မနှစ်သက်တော့ပါဘူးခင်ဗျ။ အဲအတွက် သက်ဆိုင်ရာလူကြီးတွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရခြင်းဖြစ်ပါတယ်”လို့ စစ်ကောင်စီဝါဒဖြန့်ရုပ်သံမှာပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ်ဝိနိုင်းဟာ ဇူလိုင် ၉ ရက်က နေပြည်တော်ကိုရောက်လာပြီး အကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး  ထိုင်းနိုင်ငံခြားရေးဝန်ကြီးက  ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က အားပေးတဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တဲ့ အကြောင်းသာပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် ဆိုရှယ် မီဒီယာတွေမှာတော့  ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF တွေကို မထောက်ခံဘူးလို့ မဟုတ်မမှန်သတင်းတွေ ဖြန့်ခဲ့ကြတာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့တွေ့ဆုံမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ပြောဆိုခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုအချိန်အထိ အများယုံကြည်လက်ခံနိုင်တဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတခုမှ ပြနိုင်ခြင်းမရှိသေးပါဘူး။ 

ဒီကနေ့အထိ ပြည်နယ်နဲ့ တိုင်းဒေသတချို့မှာ  လက်နက်ချအလင်းဝင်တဲ့ PDF  ၅၅၆ ယောက် ရှိတယ်လို့  စစ်ကောင်စီကဝါဒဖြန့် ထုတ်ပြန်ထားပေမဲ့ အမှန်တကယ် PDF တွေ အစစ်အမှန် ဟုတ်မဟုတ် အတည်ပြုနိုင်ခြင်းမရှိပါဘူး။  

PDF အလင်းဝင်တယ်ဆိုပြီး  စစ်တပ်ကနေ ဆုကြေးငွေလိမ်လည် ထုတ်ယူမှုနဲ့ ပတ်သက်လို့  ဇွန်လ ၂၀ ရက်က နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်တိုင်းမှူးတွေကို ခေါ်ယူသတိပေးခဲ့တာလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013