

စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီပြောင်းရွှေ့လာချင်ကြောင်း ဘိုင်ယန် ဥက္ကဋ္ဌ အူလီဟိုးနက်စ်က အတည်ပြုပြောပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဟယ်ရီကိန်းအတွက် စပါးအသင်းကို ပေါင်သန်း ၇၀ ကျော်နဲ့ ဒုတိယအကြိမ်ကမ်းလှမ်းခဲ့ပြီး ကစားသမားဖြစ်သူနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။
ဘိုင်ယန်ဥက္ကဋ္ဌ အူလီဟိုးနက်စ်က “ကျနော်တို့နဲ့ စကားဝိုင်းမှာ ကိန်းဘက်က သူဆုံးဖြတ်ထားတာတွေကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီး အဲဒီအတိုင်းသာဆက်ရှိမယ်ဆိုရင် ကျနော်တို့ သူ့ကို ခေါ်ယူနိုင်ပါလိမ့်မယ်။ သူက ဥရောပပွဲကစားချင်နေပြီး ကံကောင်းစွာနဲ့ပဲ တော့တင်ဟမ်က လာမယ့် ရာသီမှာကစားခွင့်မရပါဘူး။ အကြံပေးတွေဖြစ်တဲ့ သူ့အဖေနဲ့ အစ်ကိုတို့ကလည်း သူတို့ ကတိပေးထားတာကို အမြဲတမ်းသိနားလည်ပြီး အဲဒီကတိသာဆက်တည်မယ်ဆိုရင် အဆင်ပြေ သွားပါပြီ” လို့ ပြောပါတယ်။
ကိန်းဟာ စပါးနဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့ပြီး အသင်းကနေထွက်ခွါချင်ပေမဲ့ စပါးဘက်က လုပ်ခတိုးမြှင့်ပြီး သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။










