
မြိတ်မြို့ ရွှေဆိုင်တွေမှာ ထိုင်းနိုင်ငံကတင်သွင်းလာတဲ့ရွှေတွေကို ဖမ်းဆီးစစ်ဆေးမယ် ဆိုတဲ့အတွက် ထိုင်းရွှေတွေ အရောင်းအဝယ်ရပ်နားထားရတယ်လို့ မြိတ်မြို့ ရွှေဆိုင်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ဒါကြောင့် အခုရက်ပိုင်းတွေမှာ ထိုင်းရွှေတွေဖြစ်တဲ့ ၉၉၉၉ နဲ့ ၉၆၅ တို့ကို အရောင်းအဝယ် ရပ်နားထားပြီး မြန်မာရွှေတွေကိုပဲ အရောင်းအဝယ်လုပ်နေကြတယ်လို့ ဆိုပါတယ်။
မြိတ်ရွှေဆိုင်လုပ်ငန်းရှင်တယောက်က "လောလောဆယ်တော့ သတင်းပဲ ကြားရသေးတယ်။ သူတို့ဘက်ကလာပြီး အရေးယူတာမျိုးတော့မရှိသေးဘူး။ ရွှေကတော့ အဝင်အထွက်တွေတော့ရှိတယ်။ ဒီသတင်းတွေထွက်လာပြီးနောက်မှာ ထိုင်းရွှေတွေ ရောင်းဝယ်တာမျိုးမလုပ်တော့ဘူး။ သူတို့က အရေးယူလာနိုင်တဲ့အတွက် ကြောက်လည်း ကြောက်နေရတယ်လေ” လို့ ပြောပါတယ်။
မြိတ်မြို့ဟာ နယ်စပ်မြို့တမြို့ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံဘက်ကို ရေထွက်ပစ္စည်း ရောင်းဝယ်တဲ့သူတွေနဲ့ သွားရောက်အလုပ်လုပ်တဲ့သူတွေက ထိုင်းနိုင်ငံကနေတဆင့် ဝယ်ယူလာတာမျိုးရှိတဲ့အတွက် မြိတ်မြို့ရွှေဆိုင်တွေမှာ ထိုင်းရွှေတွေ အဝင်အထွက် ရှိတာလို့ သူက ပြောပါတယ်။
လက်ရှိမြိတ်ရွှေ စျေးကွက်မှာ ထိုင်းအခေါက်ရွှေ တကျပ်သားကို ကျပ် ၃,၂၅၀,၀၀၀ ဝန်းကျင်ရှိနေပြီး ပြီးခဲ့တဲ့တပတ်လောက်ကတော့ အခေါက်ရွှေ တကျပ်သားကို ၃,၁၃၀,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။











