DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းကာလ အလုပ်သမားအခွင့်အရေး အဆိုးဝါးဆုံး ချိုးဖောက်ခံနေရ
DVB
·
July 14, 2023
စစ်တပ်အာဏာသိမ်းကာလ အလုပ်သမားအခွင့်အရေး အဆိုးဝါးဆုံး ချိုးဖောက်ခံနေရ
Donate to DVB

စစ်တပ်အာဏာသိမ်းကာလမှာ အလုပ်သမားတွေဟာ အနိမ့်ဆုံးလုပ်ခလစာ နည်းပါးတာ၊ မိမိတို့သဘောဆန္ဒမပါဘဲ အချိန်ပိုဆင်းရတာ၊ အချိန်ပိုကြေး မရရှိတာ၊ ဥပဒေပါ ခံစားခွင့်အတိုင်း ခွင့်ရက်နဲ့ ပိတ်ရက်တွေ မရတာ၊ လုပ်အား ခေါင်းပုံဖြတ်ခံရတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ အဆိုးဝါးဆုံး ကြုံနေရပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်နဲ့ အထက် Supervisor နဲ့ မန်နေဂျာတွေရဲ့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းတာ၊ ခြိမ်းခြောက်တာတွေပါ ကြုံနေရပြီး အမျိုးသမီး အလုပ်သမားတွေဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေပါ ကြုံနေရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။

“အဓိကကတော့ ဒီကာလမှာ အရမ်းဆိုးရွားတယ်။ နိုင်ငံရေးမဖြစ်ခင် ကာလမှာတော့ စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂတွေ ရှိတယ်။ ပွင့်လင်းမြင်သာတယ်ပေါ့နော်။ တခုခု တစုံတရာဖြစ်ရင် အလုပ်သမားရုံးတွေ သွားတိုင်တာ၊ သမဂ္ဂတွေ တိုင်ကြားတာတို့ လုပ်ရင် ပြေလည်သွားတာရှိတယ်။ တော်ရုံတန်ရုံ စက်ရုံအလုပ်ရုံထဲ ဆဲတာဆိုတာ ကိုယ်ထိလက်ရောက် စော်ကားတာတွေ မလုပ်ရဲဘူးဆိုတာ ရှိတယ်။ အခုက အလုပ်သမား သမဂ္ဂတွေကို ဆိုလည်း ဖမ်းဝရမ်းထုတ်တယ်။ အိမ်တွေလာရှာတယ်။ အလုပ်သမားခေါင်းဆောင်တွေ ပြေးရလွှားရ ရှောင်တိမ်းရတယ်။ ခြိမ်းခြောက်တာတွေ ရှိတယ်။ လက်ရှိလုပ်ငန်းခွင်ထဲမှာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အခြေအနေတော့ ရှိပါတယ်” လို့ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မကြည်ကြည်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ အနိမ့်ဆုံးလုပ်ခလစာ တိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၇ ယောက်ကို စက်ရုံဘက်က အလုပ်ထုတ်ပစ်လိုက်ပါတယ်။

အလုပ်သမားတွေကို ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အလုပ်သမား ခေါင်းဆောင် ၇ ယောက် အပါအဝင် အလုပ်သမားအရေး ကူညီပေးနေသူတွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ မတရားအသင်းဖွဲ့စည်းမှု ပုဒ်မ ၁၇(၁) တို့နဲ့ ဖမ်းဆီး အမှုဖွင့်ခဲ့ပါတယ်။

ဟိုစိမ့်မြန်မာ အလုပ်သမားအရေး ဖြစ်ပြီး နောက်ပိုင်းမှာလည်း စစ်ကောင်စီက အလုပ်သမား သမဂ္ဂတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကို စောင့်ကြည့်တာ၊ စစ်ဆေး ခေါ်ယူမေးမြန်းတာတွေ ရှိနေပြီး ပြည်တွင်းမှာ အလုပ်သမားအရေး ကူညီသူတွေက အခက်အခဲကြားကနေ လုပ်ဆောင်နေရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့အနေနဲ့ကလည်း ဒီအလုပ်သမားအရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတယ် ဆိုပေမဲ့ ဟိုတုန်းကလို လွတ်လပ်ပြီးတော့ လုပ်ချင်းတိုင်းလုပ်၊ သွားချင်တိုင်းသွား၊ ကူညီချင်တိုင်း ကူညီလို့ရတဲ့ အနေအထားမျိုး မဟုတ်ဘူး။ ကိုယ်က အလုပ်သမားသမဂ္ဂ ဖွဲ့ထားတဲ့အတွက်ကြောင့် အလုပ်သမားတွေအတွက် အခုလို အခက်အခဲ ရောက်နေချိန်မှာ မဖြစ်မနေ ကူညီပေးရမယ်ဆိုတဲ့ စိတ်နဲ့သာ ဆက်ပြီးလုပ်နေတာ။ ကျမတို့လည်း အခက်အခဲတွေ ရှိတယ်။ အမေးအမြန်း အစစ်အဆေး ခံရတာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျမတို့လည်း လုပ်သာနေရတယ်၊ ညောင်သီးလည်းစား လေးသံလည်းနာပေါ့နော်။ ကျဉ်းထဲကျပ်ထဲမှာ ဒီကြားထဲမှာ အခက်အခဲတွေကြားထဲမှာ ရင်ဆိုင်ပြီး လုပ်နေရတာ ဖြစ်တဲ့အတွက် အခုရက်ပိုင်းမှာလည်း အလုပ်သမားနဲ့ပတ်သက်ပြီး ရှုပ်ထွေးတာ ရှိခဲ့တယ်။ ဟိုစိမ့် ပတ်သက်ပြီးတော့ပေါ့။ တချို့လုပ်ငန်းစဉ်တွေဆို ရပ်ထားရတယ်” လို့ STUM - သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး အီးယူက တောင်းဆိုထားပြီး အလုပ်သမားသမဂ္ဂ အဖွဲ့တွေကလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ဆီ စာပို့ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။ ILO ကလည်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ကိုသက်နှင်းအောင်ကို လွှတ်ပေးဖို့ ဇူလိုင် ၁၂ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။

အခုလို အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးသူတွေကို စစ်တပ်က အကြမ်းဖက် ဖိနှိပ်တာတွေ လုပ်လာတာကြောင့် ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ ရပ်တန့်သွားပြီး အလုပ်သမားတွေ ပြည်ပထွက် အလုပ်လုပ်ကိုင်တာ ပိုများလာနိုင်တယ်လို့ ဟိုစိမ့်မြန်မာ အလုပ်သမားအရေး ကူညီပေးသူက ပြောပါတယ်။

“ရပ်တန့်သွားတယ်ဆိုတာ ပုံစံအမျိုးမျိုးဖြစ်နိုင်တယ်။ အလုပ်သမားတွေက ပြည်ပထွက်ဖို့ ဆုံးဖြတ်ချက် ပိုပြီးခိုင်မာသွားမယ်။ ဒီမှာ လုံးဝ ထွက်ဖို့ အဆင်မပြေတဲ့သူတွေလောက်သာ လတ်တလောမှာ လုပ်နေကြတယ်။ ကျွမ်းကျင်တဲ့သူတွေကတော့ ပြည်ပထွက်ဖို့ ဆုံးဖြတ်ချက် ပိုပြီး ခိုင်မာလာမှာပေါ့။ ဒါက လုပ်ငန်းခွင်ထဲမှာ ဖိနှိပ်တဲ့ကိစ္စကို ပြန်လုပ်လို့ မရဘူးဆိုတာ သိလာတဲ့အခါ အလုပ်သမားတွေ ပြန်လုပ်နိုင်ဖို့ စဉ်းစားတဲ့ နည်းလမ်းတခုပေါ့။ လက်ရှိမှာကိုလည်း လုပ်ငန်းတွေမှာ အလုပ်သမားတွေ ရှားပါးလာတာ ဖြစ်လာတယ်” လို့ ဟိုစိမ့် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုသူရိန်အောင်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ရာနဲ့ချီ ဖမ်းဆီးခံထားရပြီး စစ်ကောင်စီက အလုပ်သမားတွေကို ကူညီနေတဲ့ အလုပ်သမားအဖွဲ့နဲ့ သမဂ္ဂအဖွဲ့ ၁၆ ဖွဲ့ကို မတရားအသင်း ကြေညာပြီး ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ဒီနှစ်မှာထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းတွေအရ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013