DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်တွင် ပျူစခန်း တိုက်ခိုက်ခံရ၊ မြို့ကြီးရွာကို စစ်တပ်မီးရှို့ပြီး အဘွားအို ၁ ဦး သေဆုံး
DVB
·
July 14, 2023
ယင်းမာပင်တွင် ပျူစခန်း တိုက်ခိုက်ခံရ၊ မြို့ကြီးရွာကို စစ်တပ်မီးရှို့ပြီး အဘွားအို ၁ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ ပျူစခန်းကို ဇူလိုင် ၁၃ ရက် နေ့ခင်း ၁ နာရီက ဒရုန်းအသုံးပြုပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူက “ကျနော်တို့ ဒီနေ့ နေ့ခင်း ၁ နာရီကနေ ၂ နာရီအထိ တနာရီအကြာ ဒရုန်းစစ်ဆင်ရေး လုပ်ခဲ့တယ်ဗျ။ လုပ်တဲ့နေရာက ဘန့်ဘွေးရွာမ ပျူရွာကို လုပ်ခဲ့တာပါ။ ၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တာ။ ချခဲ့တဲ့နေရာ အသေးစိတ်ကတော့ စစ်(--)ဗိုလ် စခန်းချရာနေအိမ်ပေါ်ကို ဗုံးသီးနှစ်လုံး၊ ဘုန်းကြီးကျောင်းဘေးရှိ စခ ဘန်ကာပေါ် ဗုံးသီးနှစ်လုံး၊ ကားလမ်းဘေးရှိ ဘန်ကာပေါ် ဗုံးသီးနှစ်လုံး စုစုပေါင်း ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တာဗျ။ လက်ရှိကတော့ (--)အသေအပျောက်ကို ဖရဲသီးက‌ မပြောသေးတော့ မသိရသေးဘူး။ ကျနော်တို့ ဒရုန်းတစီးလည်း စစ်ကောင်စီရဲ့ပစ်ချတာ ခံရတာကြောင့် ပျက်ကျဆုံးရှုံးခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါ ဘန့်ဘွေးရွာမဟာ မုံရွာ-ယာကြီး-ကလေးသွား ကားလမ်းမဘေးမှာ တည်ရှိပြီး ခရီးသွားကားတွေကို စစ်ဆေးရေးလုပ်တာဆိုပြီး ကားပေါ်မှာပါလာတဲ့ ပစ္စည်းမှန်သမျှကို ယူတာတွေ ပြုလုပ်သလို ငွေကြေးတောင်ရမ်းတာတွေ များပြားတာကြောင့် လိုင်းကားတွေနဲ့ ခရီးသွားပြည်သူတွေ အဆိုပါကားလမ်းကို ဖြတ်သန်းသွားလာတာ မပြုလုပ်ရဲဘဲ ဖြစ်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃၊ ကျောက်လုံးကြီး တပ်မဟာအဖွဲ့၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး CTPDF၊ B2 Fighter၊ Bank Two အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဉ်နဲ့ မြို့ကြီးရွာနဲ့ မြောက်နှုံးရွာကို နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ မြေပြင်စစ်ကြောင်းကလည်း မြို့ကြီးကျေးရွာကို မီးရှို့ခဲ့တာကြောင့် အသက် ၉၀ အရွယ် အဘွားအိုတဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေစီကနေ သိရပါတယ်။

ဒေသခံရွာသူတဦးက “သူတို့က ယင်းမာပင်မြို့ထဲကနေ မြေပြင်စစ်ကြောင်း စထွက်လာတယ်။ အဲ့အချိန်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားတယ်။ သူတို့ဘက်က အကျအဆုံးများလို့လားတော့ မသိရဘူး၊ တိုက်ပွဲဖြစ်ပြီး မကြာဘူး၊ လေယာဉ်နဲ့ လာပစ်တယ်။ နောက်ပြီးတော့ မြေပြင်စစ်ကြောင်းကလည်း ရွာကို မီးရှို့တော့တာပါပဲရှင်။ အဲလို အိမ်တွေကို မီးရှို့လို့ အသက် ၉၀ အရွယ် အဘွားအိုတဦးကိုပါ မီးထဲထည့်ပြီး မီးရှို့သတ်ထားခဲ့ကြတာ။ ရွာကိုမီးရှို့ပြီး စခမြေပြင်စစ်ကြောင်းက ယင်းမာပင်မြို့ထဲ ပြန်ဝင်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြို့ကြီးရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တဦးက “သူတို့က စစ်ရေးအရ ရှုံးပြီဆိုတာနဲ့ လေယာဉ်ခေါ်ပြီး ပစ်တာပဲ။ မနေ့က လေယာဉ်နဲ့ပစ်လို့ ကျနော်တို့ဘက်က ရဲဘော် ၃ ဦး ကျဆုံးတာတွေ ရှိခဲ့တယ်။ စစ်ကောင်စီ မြေပြင်စစ်ကြောင်းကလည်း ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး အကျအဆုံးများနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီခန့်က မြို့ကြီးရွာကို တကြိမ်၊ ညနေ ၆ နာရီခန့်မှာ မြောက်နှုံးရွာကို တကြိမ်၊ စုစုပေါင်း ၂ ကြိမ် နမခစစ်တပ်ကနေ Mi35 ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အခုလို လေကြောင်းကနေ ပစ်ခတ်လို့ မြို့ကြီးရွာအပြင် မြောက်နှုံးရွာမှာလည်း ပြည်သူ့နေအိမ်တလုံး ပြိုကျပျက်စီးခဲ့ကာ တခြားအိမ်တွေလည်း လက်နက်ကြီးအပိုင်းအစ ထိမှန်တာကြောင့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013