
ဆော်ဒီလိဂ်ဆီပြောင်းရွှေ့ကစားဖို့စဉ်းစားနေတဲ့ ကွင်းလယ်လူ ဟန်ဒါဆန်နဲ့ ပတ်သက်ပြီး စိုးရိမ် ထိတ်လန့်မိကြောင်း လီဗာပူးအသင်းအားပေးသူ LGBT+ လိင်တူချစ်သူများအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဟန်ဒါဆန်ဟာ လီဗာပူးဂန္ထဝင် စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အစ်တီဖက်အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိထားပြီး တစ်ပတ်လုပ်ခပေါင် ၇ သိန်းအထိရရှိမယ်လို့ဆိုပါတယ်။
ဆော်ဒီနိုင်ငံဟာ အမျိုးသမီးအခွင့်အရေးတွေနဲ့ လိင်တူချစ်သူအခွင့်အရေးတွေကို တားမြစ်ပိတ်ပင်ထားပြီး သေဒဏ်စီရင်မှုအများဆုံးနိုင်ငံလည်းဖြစ်ကြောင်း လီဗာပူးအသင်း လိင်တူချစ်သူများအဖွဲ့က ထောက်ပြပါတယ်။
ဟန်ဒါဆန်အနေနဲ့ ဘောလုံးအားကစားကို ခုတုံးလုပ်ပြီး နိုင်ငံပုံရိပ်ကောင်းဖို့ ကြိုးပမ်းနေတဲ့ ဆော်ဒီနိုင်ငံဆီ သွားရောက်ကစားဖို့ စဉ်းစားတာက စိုးရိမ်ထိတ်လန့်စရာဖြစ်ကြောင်းလည်း ကြေညာချက်မှာပါရှိပါတယ်။
ဒါ့အပြင် ဆော်ဒီလိဂ်ဆီသွားရောက်မယ့် နည်းပြ ဂျရတ်ကိုလည်း လီဗာပူးအသင်းရဲ့ လိင်တူချစ်သူများအဖွဲ့က အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။