ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော် ရေညစ်ညမ်းမှု အရည်အသွေးစစ်ဆေးရေးစခန်း ၆ ခု တပ်ဆင်ရန် သဘောတူ

ထိုင်း-မြန်မာ နှစ်နိုင်ငံကြားရှိ မြစ်ချောင်းတွေမှာ ဓာတုအဆိပ်သင့်မှုဖြစ်ပွားနေတဲ့ ပြဿနာ အတူတကွ ပူးပေါင်းဖြေရှင်းဖို့အတွက် နှစ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
ဒီနှစ်ရက်တာကာလအတွင်း “နယ်စပ်မြစ်ချောင်းများနှင့် နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ (JWG)” ရဲ့ လမ်းညွှန်ချက် မူဘောင်အရ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးဖို့၊ အရင်းအမြစ် စစ်ဆေးပြီး အန္တရာယ်ရှိနိုင်ခြေသတ်မှတ်ခြင်းနဲ့ ကြိုတင်သတိပေးစနစ် ထူထောင်ခြင်း၊ ရေမှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေနဲ့ လေးလံသတ္တုဓာတ်တွေ ထိတွေ့မှုဆိုင်ရာ ကျန်းမာရေးအန္တရာယ် အကဲဖြတ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ မူဝါဒနဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ခြင်းစတဲ့ ကဏ္ဏကြီး ၅ ခုကို အဓိကထား ဆွေးနွေး ကြမယ်လို့ ထိုင်းနိုင်ငံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ နန်းရာဝီဝမ်း ဖူရီးဒေချ်က နိုဝင်ဘာ ၂၅ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မနေ့က ဆွေးနွေးပွဲအတွင်း မြန်မာဘက်ခြမ်းမှာ ရေအရည်အသွေးစစ်ဆေးရေးစခန်း ၆ ခု နောက်ထပ် တပ်ဆင်ဖို့ နှစ်ဘက်လုံးက သဘောတူညီခဲ့ကြပါတယ်။
အဲဒီနေရာတွေကတော့ ရေထဲမှာ အဆိပ်အတောက်ပမာဏမြင့်မားတယ်လို့ ထိုင်းဘက်က ဦးစားပေး အလေးထားတဲ့ နမ့်ခုတ်မြစ်ထဲမှာ ၄ နေရာ၊ မယ်ဆိုင်ချောင်းမှာ ၂ နေရာဖြစ်တယ်။ ထိုင်းဘက်ခြမ်းမှာ တော့ ဒီမတိုင်ခင်ကတည်းက ရေအရည်အသွေးစစ်ဆေးရေးစခန်း ၁၂ ခု တပ်ဆင်ထားပြီးလို့ ဆိုပါတယ်။
မြန်မာဘက်က မြေဆီမြေနှစ်၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေထဲ အဆိပ်သင့်ဓာတု စစ်ဆေးနိုင်ဖို့ ထိုင်းဘက်ကနေ စက်ပစ္စည်းနဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးအပ်ဖို့ အသင့်ရှိပြီး အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာနကလည်း ဒေသတွင်း အသုံးပြုရ လွယ်ကူတဲ့ စစ်ဆေးရေး နည်းပညာတွေကို ယူဆောင်အသုံးပြုဖို့ ပြင်ဆင်နေတယ်၊ ဒါ့အပြင် ဒုတိယအကြိမ် JWG အစည်းအဝေးကို မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပဖို့ မြန်မာဘက်က အဆိုပြုချက်ကို ထိုင်းဘက်က ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်။
ပြဿနာရဲ့ အရင်းအမြစ်နေရာ မြန်မာဘက်က သတ္တုတွင်းတွေကို ၆ လကြာ ပိတ်သိမ်းပေးဖို့ ထိုင်းဘက်က တောင်းဆိုထားတဲ့ ကိစ္စအခြေအနေကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဒေါက်တာ နန်းရာဝီဝမ်းက သတ္တုတွင်းကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်က သတ္တုတွင်းဆိုင်ရာ ကိုယ်စားလှယ် ၄ ယောက် စေလွှတ်ထားပါတယ်။ မြန်မာဘက်က လုပ်ငန်းမူဘောင်အပေါ် အတော်လေးတင်းကျပ်မှုရှိတာကြောင့် လုပ်ငန်းစီမံချက် ထဲမှာ ထည့်သွင်း လုပ်ဆောင်နိုင်ဖို့ မူဘောင်ကို ရှင်းလင်းစွာ သတ်မှတ်ရမှာ ဖြစ်တယ်။ ထိုင်းဘက်က တခြားအကြောင်းအရာတွေကို တင်ပြရင် မြန်မာလုပ်ငန်းအဖွဲ့ဘက်က သူတို့ ဆုံးဖြတ်ပိုင်ခွင့် အာဏာထက် ကျော်လွန်နေတယ်လို့ ပြောဆိုနိုင်ခြေရှိတာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေကိုလည်း နားလည်ထားဖို့ လိုတယ်လို့ ပြန်လည်ဖြေကြားပါတယ်။
JWG အစည်းအဝေးကို ဘန်ကောက်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂ ရက်တာကျင်းပ လျက်ရှိပြီး ထိုင်းနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ နန်းရာဝီဝမ်း ဖူရီးဒေချ်နဲ့ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းတို့က ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ဆောင်ရွက်ကာ နှစ်နိုင်ငံလုံးမှ သက်ဆိုင်ရာ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေး နေပါတယ်။
Source : The Standard / ThaiPBS News











